
ဒီကနေ့ဇွန်လ ၂ ရက်မှာ ကွယ်လွန်သွားတဲ့ ထင်ရှားတဲ့ ရုပ်ရှင် ဒါရိုက်တာ၊ ကဗျာဆရာ မင်းထင်ကိုကိုကြီးရဲ့ နာရေးကို ဒီကနေ့မှာပဲ မိသားစု ဆန္ဒအရ အကျဉ်းချုံးပြီး ငြိမ်သက်စွာ ဆောင်ရွက်ပြီးစီးခဲ့တယ်လို့ ကဗျာဆရာ သစ္စာနီရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
မင်းထင်ကိုကိုကြီးရဲ့ နာရေးကို ရန်ကုန်မြို့၊ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကဗျာဆရာအသိုက်အဝန်းက မိတ်ဆွေအနည်းငယ် လိုက်ပါနှုတ်ဆက် ပို့ဆောင်ခဲ့တာကို တွေ့ရပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး အသည်းကင်ဆာ ရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေက ပြောဆိုကြပါတယ်။
မင်းထင်ကိုကိုကြီးဟာ နိုင်ငံရေးအကျဉ်းသားတယောက်လည်း ဖြစ်သလို၊ မြန်မာ့မှတ်တမ်းရုပ်ရှင်လောကနဲ့ လူ့အခွင့်အရေး ရုပ်ရှင်ပွဲတော်တွေမှာ လက်ရာမြောက် အနုပညာတွေ ဖန်တီးခဲ့သူ ဖြစ်လို့ ရုပ်ရှင်ချစ်သူတွေနဲ့ အနုပညာအသိုက်အဝန်းက နှမြောတသကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ကြပါတယ်။










