DVB Logo
Home
မြန်မာသတင်း
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်း အောက်မေ့ခြင်း ရုပ်ရှင်ပြပွဲ ချင်းမိုင်တွင်ကျင်းပ
DVB
·
September 21, 2026
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်း အောက်မေ့ခြင်း ရုပ်ရှင်ပြပွဲ ချင်းမိုင်တွင်ကျင်းပ
1 / 7
Donate to DVB

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်းကို အောက်မေ့ဂုဏ်ပြုတဲ့ နှစ်ပတ်လည် ရုပ်ရှင်ပြပွဲကို “Stories of Our Memories” ခေါင်းစဉ်နဲ့ စက်တင်ဘာ ၁၉ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ချင်းမိုင်တက္ကသိုလ် RCSD စင်တာမှာ ကျင်းပပါတယ်။

ဖေမောင်စိမ်းအမှတ်တရ မှတ်တမ်းရုပ်ရှင်ရန်ပုံငွေအဖွဲ့ (Pe Maung Same Film Fund - PMSFF) က နှစ်စဉ်ကျင်းပတဲ့ အခုနှစ် အောက်မေ့ဖွယ်ရုပ်ရှင်ပြပွဲမှာ PMSFF ရဲ့ ၂၀၂၆ ခုနှစ် ရန်ပုံငွေအစီအစဉ်က ထောက်ပံ့ထားတဲ့ မှတ်တမ်းရုပ်ရှင် ၂ ကားအပါအဝင် ရုပ်ရှင် ၄ ကားကို ပြသခဲ့ပါတယ်။

အခုနှစ်ရုပ်ရှင်ပြပွဲမှာ “Stories of Our Memories” ဆိုတဲ့ ခေါင်းစဉ်ကို ရွေးချယ်ခဲ့တာဟာ ပြသတဲ့ ရုပ်ရှင် ၄ ကားစလုံးမှာ အတိတ်က အမှတ်တရတွေ၊ လူတဦးချင်းစီရဲ့ ဖြတ်သန်းမှုတွေနဲ့ လူမှုအသိုက်အဝန်းရဲ့ အမှတ်တရတွေ ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူ မလေးသီတာက ပြောပါတယ်။

“ဒီနှစ်မှာ funding ပေးတဲ့ ဇာတ်ကား ၂ ကားလုံးက သူတို့ရဲ့ memory တွေအကြောင်းဖြစ်တယ်။ Homebound ဆိုတဲ့ကားကလည်း ငယ်ဘဝတုန်းက နေခဲ့တဲ့အိမ်ရဲ့ memory ကို ပြန်သွားရတာမျိုးဖြစ်သလို၊ လှိုင်သာယာအကြောင်းရိုက်ထားတဲ့ကားကလည်း အဲဒီဖြစ်ရပ်ကို ဖြတ်သန်းခဲ့ရတဲ့ filmmaker ကိုယ်တိုင် သူ့ရဲ့ memory ကနေ ပြန်ပြီး story အနေနဲ့ ရိုက်ထားတာဖြစ်ပါတယ်။”

ဒီရုပ်ရှင်ပြပွဲမှာ ပြသတဲ့ ရုပ်ရှင် ၄ ကားထဲမှာ ဒါရိုက်တာ ဖေမောင်စိမ်း ရိုက်ကူးခဲ့တဲ့ ရယ်စရာလို့တော့ မထင်နဲ့ (No Laughing Matter) မှတ်တမ်းရုပ်ရှင်လည်း ပါဝင်ပါတယ်။

ရယ်စရာလို့တော့ မထင်နဲ့ ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကတော့ ဖေမောင်စိမ်းရဲ့ ဖခင်ဖြစ်သူ နိုင်ငံရေးကာတွန်းဆရာ ဦးဖေသိန်းရဲ့ ကာတွန်းနဲ့ နိုင်ငံရေးသရော်စာလက်ရာတွေကတဆင့် မြန်မာ့နိုင်ငံရေးနဲ့ လူမှုအခြေအနေတွေကို ပြန်လည်လေ့လာနိုင်အောင် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒါရိုက်တာ ရှင်ဒေဝီ ရိုက်ကူးထားတဲ့ ပုဂံအာနန္ဒာဘုရားပွဲတော် သွားကြစို့နော် ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကိုလည်း ပြသခဲ့ပါတယ်။ 

ဒီမှတ်တမ်းရုပ်ရှင်ကိုတော့ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်က ရိုက်ကူးခဲ့တာ ဖြစ်ပြီး လက်ရှိကာလမှာ မတွေ့နိုင်တော့တဲ့ မြင်ကွင်းတွေဖြစ်တဲ့ လှည်းဝိုင်းတွေနဲ့ စည်ကားတဲ့ အညာရိုးရာ အမှတ်တရတွေကို ခံစားခဲ့ကြရပါတယ်။

ဒါရိုက်တာ ဖေမောင်စိမ်း ကွယ်လွန်ပြီးနောက် သူ့ရဲ့ မိတ်ဆွေတွေက ၂၀၂၄ ခုနှစ်မှာ Pe Maung Same Film Fund (PMSFF) ကို တည်ထောင်ခဲ့ပြီး ဒါရိုက်တာ ဖေမောင်စိမ်းရဲ့ ရုပ်ရှင်အမွေအနှစ်ကို ထိန်းသိမ်းဖို့နဲ့ မြန်မာလူငယ် မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်လုပ်ဆောင်နေပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ဖို့ ရန်ပုံငွေအခက်အခဲတွေ ပိုမိုကြုံတွေ့နေရပြီး ရုပ်ရှင်ဖန်တီးခြင်းဟာ ဝင်ငွေလမ်းကြောင်းကန့်သတ်လာတဲ့ အခြေအနေမှာ “ဇိမ်ခံပစ္စည်းတခုလို” ဖြစ်လာနေတယ်လို့ မလေးသီတာက ဆိုပါတယ်။

အနုပညာနဲ့ ယဉ်ကျေးမှုကဏ္ဍအပါအဝင် မှတ်တမ်းရုပ်ရှင်ဖန်တီးမှုကိုလည်း ပိုမိုပံ့ပိုးပေးဖို့ လိုအပ်တယ်လို့ မလေးသီတာက ပြောပါတယ်။

“ရုပ်ရှင်က လူတွေရဲ့ နှလုံးသားကိုလေ နူးညံ့စေတယ်လေနော်။ ပြီးတော့ ကိုယ်ကိုယ်တိုင် ကြီးထွားခွင့် ပေးတယ်ပေါ့။ ပြီးရင် အနုပညာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ တခါတလေကျရင် ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ တင်းကျပ်မှုတွေကိုလည်း ဖြေလျှော့ပေးတာ ရှိတယ်ပေါ့နော်။ ပြန်ပြီးတော့မှ ဟို ဘယ်လိုခေါ်မလဲ အနုပညာအားဖြင့် ပြန်လည်နူးညံ့လာစေတာမျိုးတွေလည်း ရှိတယ်ဆိုတော့၊ ဒီ ရုပ်ရှင် အများကြီး၊ ဒီခေတ်မှ မဟုတ်ဘူးပေါ့နော်။ နောက်ခေတ် နောက်အခါအတွက်လည်း နောင်လာ နောက်သားတွေအတွက်ပါ အများကြီး အကျိုးရှိတယ်ပေါ့။ ဆိုတော့ ဒီဟာတွေကို ကျနော်တို့ မြန်မြန်ရိုက်ထားဖို့လိုတယ် အခုချိန်မှာပေါ့နော်။ များများ ရိုက်နိုင်ကြဖို့ လိုတယ်ပေါ့။”

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ဖေမောင်စိမ်းဟာ ၂၀၂၂ ခုနှစ် မေလမှာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးနေတုန်း ကရင်နီပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရပြီး တရားမဝင်အသင်းအဖွဲ့ ဆက်သွယ်မှုနဲ့ တရားစွဲဆိုခံရကာ လွိုင်ကော်အကျဉ်းထောင်မှာ ထောင် ၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

အသက် ၅၁ နှစ်အရွယ် ဖေမောင်စိမ်းဟာ ကျောရိုးတီဘီရောဂါနဲ့ စစ်တပ်ရဲ့ ညှဉ်းပန်း နှိပ်စက်မှုတို့ကြောင့် စစ်တပ်အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပြီး ၃ ရက်အကြာ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၉  ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013