
ဆူဒန် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တွေက ဆူဒန်အလယ်ပိုင်းမြို့ အယ်လ်-အိုဘိုက်ကို အမြန်တိုးမြှင့်တိုက်ခိုက်နိုင်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေ အကြီးအကျယ် ဖြစ်လာနိုင်တယ်လို့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီ အပါအဝင် နိုင်ငံအများအပြားက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဇွန် ၁၈ ရက်က သတိပေးပါတယ်။
နော်ဝေသံအမတ်ကြီးတော်မို့ဒ် အန်ဒရက်ဆင်က “ပြည်တွင်း အိုးမဲ့အိမ်မဲ့ တသိန်းကျော် အပါအဝင် အရပ်သား ၅ သိန်းလောက်ဟာ ကြီးမားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေရဲ့ သားကောင်ဖြစ်နိုင်တဲ့ အန္တရာယ်အတွက် ကျနော်တို့ အလွန်စိုးရိမ်မိပါတယ်”လို့ ဂျီနီဗာမြို့တော်မှာကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောပါတယ်။
အယ်လ်-အိုဘိုက်မြို့ကို တိုက်ခိုက်တာကို ချက်ချင်းရပ်ဖို့ နော်ဝေနိုင်ငံက RSF ကို တောင်းဆိုတဲ့ ပူးတွဲကြေညာချက်ကိုလည်း မျှဝေခဲ့ပါတယ်။
ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အိုင်ယာလန်၊ နယ်သာလန်နဲ့ နော်ဝေတို့ပါတဲ့ ဆူဒန်နိုင်ငံအတွက် ရက်စက်ကြမ်းကြုတ်မှုကာကွယ်ရေးနဲ့ တရားမျှတမှု ညွန့်ပေါင်းအဖွဲ့ကိုယ်စား ဒီကြေညာချက်ကို တင်ပြခဲ့ပြီး တခြားနိုင်ငံ ၂၁ နိုင်ငံလည်း ပူးပေါင်းပါဝင် ခဲ့တယ်လို့ ပြောပါတယ်။
အယ်လ်-အိုဘိုက်ဒ်မြို့ဟာ ဆူဒန်ရဲ့ အကြီးဆုံးမြို့တွေထဲက တမြို့ဖြစ်ပြီး မြောက်ကော်ဒိုဖန် ပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်ပါတယ်။
လူ ၁၄ သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူမျိုးရေးသွေးထွက် သံယိုမှုတွေ၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရောဂါတွေ ပျံ့နှံ့စေခဲ့တဲ့ ဆူဒန်စစ်ပွဲမှာ မကြာသေးမီလတွေအတွင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့မြို့လည်း ဖြစ်ပါတယ်။
Source: Reuters










