DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်မည့် ပါတီကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်များ ဆက်တိုက်ဖျက်ဆီးခံရ
DVB
·
November 19, 2025
ရွေးကောက်ပွဲဝင်မည့် ပါတီကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်များ ဆက်တိုက်ဖျက်ဆီးခံရ
Donate to DVB

အာဏာသိမ်းစစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ရန်ကုန်၊ မန္တလေးနဲ့ ဧရာဝတီတိုင်းက ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကြော်ငြာ ဆိုင်းဘုတ်တွေ ဆက်တိုက် ဖျက်ဆီးခံနေရတယ်လို့ ပါတီဝင်တွေဆီက သိရပါတယ်။

ရန်ကုန်မှာ အလုံ၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ ရွှေပြည်သာမြို့မှာ ကြံ့ခိုင်ရေး၊ ပြည်သူ့ရှေ့ဆောင်နဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ ဆက်တိုက် ဖျက်ဆီးခံရတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဝင်တယောက်က ပြောပါတယ်။

“ရန်ကုန်မှာ ကြံ့ခိုင်ရေးရော၊ ဦးကိုကိုကြီးပါတီရော ကျနော်တို့ ပီသုံးလုံးပါတီရော ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာ။ အလုံမှာဆို ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နေအိမ်ကို ခဲနဲ့ထုပြီး မဲမပေးဖို့ အော်ဆဲသွားတာတောင် ရှိတယ်။ ပါတီတိုင်း ဖြစ်နေတာ။”

မန္တလေးတိုင်း၊ စဥ့်ကိုင်နဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေ နိုဝင်ဘာ ၁၄ ရက်က ဖျက်ဆီးခံရပြီး အသစ်ပြန်လည်စိုက်ထူထားရတယ်လို့ ကြံ့ခိုင်ရေးပါတီဝင်တယောက်က DVB ကို ပြောပါတယ်။

“စဥ့်ကိုင်မှာဆို ကိုယ်စားလှယ်လောင်း ၄ ယောက် ဆိုင်းဘုတ် ဒီနေ့မနက်စိုက် နောက်နေ့ မရှိဘူး။ မြေပြင်ပဲကျန်တော့တာ။ ပြည်ကြီးတံခွန်မှာလည်း ဒီအတိုင်းပဲ၊ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတယ်။ ရဲတိုင်လည်း အလကားပဲ။ အခု ကိုယ်စားလှယ်လောင်းတွေက ပါတီဝင်တွေကို နေ့စားခပေးပြီး ဆိုင်းဘုတ်စောင့်ကြည့်ဖို့ ငှားထားရတယ်။”

ဧရာဝတီတိုင်း၊ ကန်ကြီးထောင်မြို့နယ်၊ ဆပ်ကွင်းကျေးရွာ ဘုန်းကြီးကျောင်းအနီးမှာ စိုက်ထူထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်လည်း နိုဝင်ဘာ ၁၃ ရက်က ဖျက်ဆီးခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၅ ရက်ကလည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းရဲ့ ဆိုင်းဘုတ် ဖျက်ဆီးခံရပါတယ်။

အလားတူ နိုဝင်ဘာ ၂ ရက်ကလည်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ စိုက်ထူထားတဲ့ ကြံ့ခိုင်ရေး လွှတ်တော်ကိုယ်စားလှယ်လောင်း ဝန်ကြီးချုပ် ဦးစောမြင့်ဦးရဲ့ မဲဆွယ်ဗီနိုင်း ဖျက်ဆီးခံခဲ့ရပါတယ်။

ကြံ့ခိုင်ရေး၊ ပြည်သူ့ရှေ့ဆောင်နဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ဖျက်ဆီးသူတွေလို့ စွပ်စွဲချက်နဲ့ နိုဝင်ဘာ ၂ ရက်ကနေ နိုဝင်ဘာ ၁၄ ရက်အထိ စစ်ကောင်စီက အမျိုးသား ၇ ယောက် ဖမ်းဆီးထားပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013