ကနေရီကျွန်းစုအနီး ကယ်ဆယ်ခဲ့သည့် လှေပေါ်တွင် ရွှေ့ပြောင်းနေထိုင်သူ လူ ၁၄ ဦး သေဆုံးလျက် တွေ့ရှိ

စပိန်နိုင်ငံ၊ ကနေရီကျွန်းစုအနီးမှာ လူ ၁၀၀ လောက် တင်ဆောင်လာတဲ့ စက်လှေတစင်းကို ကယ်ဆယ်ခဲ့ရာမှာ ရွှေ့ပြောင်းနေထိုင်သူ ၁၄ ယောက် သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၂၇ ရက်မှာပြောကြားခဲ့ပြီး အဲဒီဒေသကို ရွှေ့ပြောင်းဝင်ရောက်သူ အရေအတွက်ကလည်း ဆက်လက် မြင့်တက်နေပါတယ်။
စပိန်နိုင်ငံမှာ တနင်္ဂနွေနေ့ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာဟာ ကမ္ဘာ့အန္တရာယ်အများဆုံး ရွှေ့ပြောင်းသွားလာရေး လမ်းကြောင်း တွေထဲက တခုရဲ့ ဘေးအန္တရာယ်တွေကို မီးမောင်းထိုးပြနေပြီး စပိန်နိုင်ငံရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာလည်း လူဝင်မှုကြီးကြပ်ရေးကိစ္စဟာ အဓိက ကျတဲ့ အကြောင်းအရာတခု ဖြစ်လာနေပါတယ်။
အဲဒီရုပ်အလောင်းတွေကို အယ်လ်ဟီယာရိုကျွန်းရဲ့ တောင်ဘက် ရေမိုင် ၃၉ မိုင် (၇၂ ကီလိုမီတာ) အကွာမှာ တွေ့ရှိခဲ့တဲ့ စက်လှေပေါ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာ အဲဒီစက်လှေကို လာ အက်စ်တာကာ ဆိပ်ကမ်းဆီ ဆွဲယူသွားခဲ့ပါတယ်။
ကျန်းမာရေးအခြေအနေ စိုးရိမ်ရတဲ့ လူ ၆ ယောက်ကိုတော့ ရဟတ်ယာဉ်နဲ့ ဆေးရုံဆီ ပို့ဆောင် ပေးခဲ့ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
အသက်ရှင်ကျန်ရစ်သူ အနည်းဆုံး ၈၄ ယောက်ဟာ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် လက်ခံရေး စခန်းနဲ့ ယာယီဆေးရုံ တည်ရှိရာ အဲဒီကျွန်းရဲ့ လာရက်စ်တင်ဂါ ဆိပ်ကမ်းကို သီးခြားလှေတွေနဲ့ ရောက်ရှိလာကြပြီး ကျွန်းကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းနေထိုင်သူအများစုကို အဲဒီနေရာမှာ စိစစ် လက်ခံ ဆောင်ရွက်ပေးလေ့ ရှိပါတယ်။
ကနေရီကျွန်းစုဆီ ရွှေ့ပြောင်းနေထိုင်သူ ဝင်ရောက်မှုတွေဟာ အောက်တိုဘာလကတည်းက အရှိန်မြင့်တက် လာခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက် တရက်တည်းမှာတင် စံချိန်တင် လူဦးရေ ၂,၁၀၀ အထိ ရှိခဲ့ကာ သူတို့ထဲက အများစုကတော့ လူဦးရေ ၁၁,၄၀၀ လောက်သာ ရှိတဲ့ အယ်လ်ဟီယာရို ကျွန်းကို ရောက်ရှိလာကြတာပါ။
ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်ဟာ ဥရောပမှာ လူဝင်မှုကြီးကြပ်ရေးကိစ္စက စီးပွားရေးအတွက် အကျိုးကျေးဇူးရှိကြောင်း အခိုင်အမာ ပြောဆိုထောက်ခံသူတွေထဲက တယောက်ဖြစ်ပေမဲ့ လူထု သဘောထား စစ်တမ်းတွေမှာ ဦးဆောင်နေတဲ့ လက်ယာယိမ်းအုပ်စုကတော့ လူဝင်မှုကြီးကြပ်ရေး ကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ဖို့ လိုလားနေပါတယ်။
ရွှေ့ပြောင်းနေထိုင်သူ ထောင်ပေါင်းများစွာဟာ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်နဲ့ ပြင်းထန်တဲ့ ရေစီးကြောင်းတွေ ကြားထဲကနေ စပိန်ပိုင်နက်အတွင်း ရောက်ရှိဖို့ လူအပြည့်အကျပ် တင်ဆောင် ထားတဲ့ လှေတွေနဲ့ အတ္တလန္တိတ် သမုဒ္ဒရာကို နှစ်စဉ် ဖြတ်ကျော်ဖို့ ကြိုးပမ်းကြပါတယ်။
ပင်လယ်ပြင်အခြေအနေ ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်လေ့ရှိတဲ့ ဆောင်းဦးရာသီမှာ ရောက်ရှိ လာသူ အရေအတွက် ပိုများလေ့ရှိပါတယ်။
Source:Reuters











