
ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ တပ်မဟာ ၆ ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း စောရွှေမောင်းတို့ကို အဖွဲ့ဝင်အဖြစ်ကနေ အပြီးအပိုင် ထုတ်ပယ်လိုက်တယ်လို့ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။
KNU က ချမှတ်ထားတဲ့ မူဝါဒ၊ စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် နိုဝင်ဘာ ၁၃ နဲ့ ၁၄ ရက်နေ့တွေက ကျင်းပပြုလုပ်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကနေ ဆုံးဖြတ်ချက်ချမှတ်ပြီး အပြီးအပိုင် ထုတ်ပယ်လိုက်တာလို့ ဆိုပါတယ်။
စောမူတူးစေးဖိုးနဲ့ စောရွှေမောင်းတို့ဟာ အောက်တိုဘာ ၁၅ ရက်မှာ စစ်ကောင်စီက ပြုလုပ်တဲ့ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်တာ၊ ပြီးခဲ့တဲ့ စစ်ကောင်စီက ပေးအပ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို တက်ရောက်တာ၊ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ်အဆင့် အခမ်းအနားတွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) က သတိပေးနေတဲ့ကြားက တက်ရောက်ခဲ့ပါတယ်။
KNU ဗဟို အမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းက “KNU အစည်းအရုံးကနေ ထုတ်ပယ်လိုက်တာ။ အဲဒါဟုတ်တယ်။ ထုတ်ပြန်ကြေညာချက်ရှိတယ်။ EC ကပဲ လုပ်တာ။ ထုတ်လိုက်တာတော့ အပြီးအပိုင်ပဲ။ ဘာကြောင့်လဲဆို အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းကို မလိုက်နာလို့။ NCA သွားတက်တာတို့။ သူတို့ကို အစတည်းက ပြောထားတယ်။ မလုပ်ပါနဲ့ မလုပ်ပါနဲ့ ဆိုတာ မရဘူး။ သွားတာပဲ။ နောက် ဝဏ္ဏကျော်ထင်ဘွဲ့ပေးတုန်းကလည်း သွားမယူပါနဲ့ ပြောတာကို သွားယူတာကို။ အဲဒီဟာ ၂ ချက် ၃ ချက်ရှိတယ်။ အဲဒီအပေါ်မှာ တရားဝင်ထုတ်လိုက်တယ်” လို့ ပြောပါတယ်။
စစ်တပ်ကရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်ကိုယ်တိုင် ချိုးဖောက်ပြီး အာဏာသိမ်းခဲ့တာကြောင့် အပစ်ရပ်စာချုပ် NCA ပျက်ပြယ်သွားပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ အားလုံးမှာ စစ်ကောင်စီက လူ၊ လက်နက်ခဲယမ်းတွေ ဖြည့်တင်းပြီး၊ မြေပြင်နဲ့ဝေဟင် ပစ်ကူရယူကာ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။











