Home
မြန်မာသတင်း
ဥက္ကဋ္ဌဟောင်းနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံမှု ကေအန်ယူနှင့် မသက်ဆိုင်ဟု တုံ့ပြန်  
DVB
·
October 4, 2023

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့အဖွဲ့ စစ်ခေါင်းဆောင်နဲ့ သွားရောက်တွေ့ဆုံမှုဟာ အဖွဲ့အစည်းနဲ့ မသက်ဆိုင်ကြောင်းနဲ့ တရားမဝင်တဲ့ စစ်အာဏာရှင်တွေကို တွေ့ဆုံဆွေးနွေးမှာ မဟုတ်ဘူးလို့ ကေအန်ယူက တုံ့ပြန်ပါတယ်။

ကေအန်ယူ ဥက္ကဋ္ဌဟောင်း စောမူတူးစေဖိုး၊ ဗဟိုကော်မတီဝင်ဟောင်း စောရော်ဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စက်တင်ဘာ ၃၀ ရက်က နေပြည်တော်မှာ သွားရောက်တွေ့ဆုံခဲ့ကြတာပါ။

စစ်ခေါင်းဆောင်နဲ့ သွားတွေ့ဆုံသူတွေဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုပဲဖြစ်ပြီး  အဖွဲ့အစည်းနဲ့ မဆိုင်ဘူးလို့ ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောပါတယ်။

“သတင်းကို လေလှိုင်းပေါ်မှာ ပလူပျံအောင် တွေ့ရှိရတဲ့အပေါ်မှာ ကျနော်တို့ရဲ့ သဘောထားကတော့ ဒါက ကေအန်ယူနဲ့ မသက်ဆိုင်ဘူး။ လူပုဂ္ဂိုလ်တွေရဲ့ သွားရောက်တဲ့ အစီအစဉ်တခုလို့ ကျနော်တို့ သိရှိရပါတယ်။ အဲဒီလိုပဲ နားလည်ပါတယ်။”

အန်စီအေ အပစ်ရပ်စာချုပ်ဟာ ပျက်ပြယ်သွားပြီး ဖြစ်တယ်လို့ ကေအန်ယူ ဗဟိုဘက်က ပြောဆိုထားပေမဲ့ ကေအန်ယူ ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးကတော့ အန်စီအေဟာ မပျက်ပြယ်သလို ဒီလမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာ ဆောင်ရွက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင်နဲ့  တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။

အန်စီအေ မပျက်သေးဘူး ဆိုတာကလည်း သွားရောက်တွေ့ဆုံသူတွေအတွက်ပဲ မပျက်သေးတာလို့ ကေအန်ယူ ဗဟိုက တုံ့ပြန်ပါတယ်။ 

စစ်ခေါင်းဆောင်ကတော့ အန်စီအေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ငြိမ်းချမ်းရေးကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ငြိမ်းချမ်းရေး ဆွေးနွေးချင်တဲ့ အဖွဲ့တွေကိုလည်း လမ်းဖွင့်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကေအန်ယူ အနေနဲ့ကတော့ တရားဝင်မှုမရှိတဲ့ စစ်ကောင်စီနဲ့ စစ်အာဏာရှင်တွေကို တွေ့ဆုံဖို့မရှိဘူးလို့ တုံ့ပြန်ပါတယ်။

ကေအန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “စစ်ကောင်စီကတော့ အာဏာသိမ်းထားတဲ့အဖွဲ့အစည်း ဖြစ်တဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံပဲပြောပြော၊ နဂိုကတည်းက ကျနော်တို့ လက်မခံထားတဲ့ ခေါင်းစဉ်တခုတပ်ပြီး သူတို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ ဘယ်လိုပဲ ဖိတ်ခေါ်မှု လုပ်နေပါစေ၊ ကျနော်တို့ တရားဝင်မှုမရှိတဲ့ စစ်အာဏာသိမ်းမှုတခုအပေါ်မှာ စစ်အာဏာရှင်တွေနဲ့ ကျနော်တို့ တွေ့ဆုံဖို့မရှိပါဘူး”လို့ ပြောပါတယ်။

ကေအန်ယူအနေနဲ့ PDF တွေဟာ အာဏာရှင်ကို အတူတကွတော်လှန်နေသူတွေလို့ လက်ခံထားသလို စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် ဆောင်ရွက်နေတဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလအတွင်း ကျင်းပဖို့ရှိနေတဲ့ အန်စီအေ နှစ်ပတ်လည် အခမ်းအနားကိုလည်း ကေအန်ယူ အနေနဲ့ တက်ရောက်မှာ မဟုတ်ဘူးလို့လည်း ကေအန်ယူ ဗဟိုဘက်က ပြောဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီစစ်တပ်ဟာ လူထုကို မကာကွယ်ဘဲ မာဖီးယားဂိုဏ်းတွေလို လူသတ် ပြန်ပေးဆွဲလုပ်ရပ်တွေ လုပ်နေတယ်လို့ ကေအန်ယူ ဗဟိုဦးဆောင် ကော်မတီဝင်လည်းဖြစ် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံလည်းဖြစ်သူ ပဒိုစောတောနီးက ဒီဗွီဘီကို ပြောပါတယ်။

ပဒိုစောတောနီးက “စစ်တပ်ဆိုတာ တိုင်းပြည်ရဲ့ လုံခြုံရေးအတွက် လူထုကို ကာကွယ်ပေးရမှာ ဖြစ်တယ်။  ပြည်ပရန်ကို ကာကွယ်ပြီး လူထုကို အကာအကွယ်ပေးမယ့် စစ်တပ်ဖြစ်ရမယ်။ ဒါက နိုင်ငံတကာမှာ နားလည်နေကြတာပဲ။ ဒါပေမဲ့ တိုင်းပြည်မှာ အခုရှိနေတဲ့ စစ်တပ်က အဲဒီလို မဟုတ်ဘူး။ ပြည်သူလူထုကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေတဲ့စစ်တပ်။ ဘယ်ပြည်ပရန်မှ မတွေ့ရဘဲ တချိန်လုံး လူထုအပေါ်မှာ ပြည်တွင်းထဲမှာပဲ ဆူပူသောင်းကျန်းပြီး မာဖီးယားဆန်ဆန် ပြန်ပေးဆွဲအလုပ်ပဲ လုပ်နေတဲ့ စစ်တပ်က မတည်မြဲဘူး။ ပြိုကွဲမယ်ဆိုတာ ကျနော် ရဲရဲကြီးပြောရဲတယ်။ အဲဒါကြောင့် ကျနော်တို့ အချိန်ကုန်မခံဘူး။ ကျနော်တို့ လုပ်စရာရှိတာ လုပ်ရုံပဲရှိတော့တယ်။”

စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူလူထု ၄၁၃၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်လေယာဉ်တွေနဲ့လည်း ပြည်သူလူထုတွေနေထိုင်တဲ့ ကျေးရွာတွေ နေအိမ်တွေ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ ပါမကျန် နေ့စဉ်လိုလို ဗုံးကြဲ ပစ်ခတ်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။ 

ပြီးခဲတဲ့ ၂ နှစ်ခွဲအတွင်း အာဏာသိမ်း စစ်ကောင်စီက ပြည်သူ ၂၅၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး နိုင်ငံတဝန်း အိမ်ခြေပေါင်း  ၇၅၀၀၀ လောက်ကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ထက်အောင်/ဖိုးစီ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024