
စာချုပ်တစောင်မှာ လက်မှတ်ထိုးတတ်ရုံနဲ့ ငြိမ်းချမ်းရေးရမှာမဟုတ်ဘူးလို့ NCA စာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်ဟောင်း စောမူတူးစေးဖိုးက ပြောလိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ( NCA) ၁၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ ပြောကြားခဲ့တာပါ။
စောမူတူးစေးဖိုးက "ငြိမ်းချမ်းရေးဆိုတာ တရက်တည်းနဲ့ ရနိုင်တဲ့ အရာမဟုတ်ပါဘူး။ စာချုပ် တစောင်ကို လက်မှတ်ထိုးတတ်ရုံနဲ့ တည်ဆောက်ပြီးစီးသွားမဲ့ အရာမဟုတ်ပါဘူး။ ယုံကြည်မှု ဆိုတာက စဥ်ဆက်မပြတ် တည်ဆောက်ရပါမယ်။ ကတိက ဝတ်တွေ အကောင်အထည်ဖော်ခြင်းဖြင့် တည်ဆောက်ရပါမယ်" လို့ ပြောပါတယ်။
ဒါ့အပြင် လက်ရှိပဋိပက္ခတွေ ချုပ်ငြိမ်းသွားပြီး ယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်စေဖို့ ဆွေးနွေမှု တွေ လုပ်ရမှာဖြစ်ပြီး ဆွေးနွေးမှုတွေရပ်တန့်လိုက်ပါက ပဋိပက္ခတွေ ရှည်ကြာ နေလိမ့်မယ်လို့လည်း သတိပေးပါတယ်။
စောမူတူးစေးဖိုးဟာ သမ္မတ ဦးသိန်းစိန်လက်ထက်က လုပ်ဆောင်ခဲ့တဲ့ NCA ဆွေးနွေးပွဲတွေကို KNU ခေါင်းဆောင်တယောက်အနေနဲ့ တက်ရောက်ခဲ့ဖူးသလို NCA စာချုပ်လက်မှတ်ရေး ထိုးချိန်မှာလည်း ကိုယ်တိုင် တက်ရောက်ပြီး လက်မှတ်ရေး ထိုးခဲ့သူ တယောက်ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် NCA လမ်းကြောင်းကနေ KNU ထွက်သွားပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံမှုတွေ ဆက်လုပ်နေပြီး နေပြည်တော်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို လာတက်နေတဲ့အတွက် လူထုရဲ့ ဝေဖန်မှုကိုခံနေရသူလည်း ဖြစ်ပါတယ်။
စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က နေပြည်တော်မှာလုပ်တဲ့ NCA ၁၁ နှစ်ပြည့် အခမ်းအနား ကို ပေးပို့တဲ့ မိန့်ခွန်းထဲမှာ KNU ကို NCA လမ်းကြောင်းပေါ် ပြန်လာဖို့ ဖိတ်ခေါ်ခဲ့တာ တွေ့ရပြီး KNU ဘက်ကတော့ ဒီအကြောင်းအရာနဲ့ပတ် သက်လို့ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
လက်ရှိမှာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက KNU ၊ CNF နဲ့ ABSDF တို့ဟာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ စစ်အာဏာရှင်စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်နေပြီး အာဏာရှင်ဆန့်ကျင် လှန်ရေးဘက်မှာ ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။











