DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၁၇ ကြိမ်မြောက် ကွန်ဂရက်၌ အရွေးမခံတော့
DVB
·
May 2, 2023
ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ၁၇ ကြိမ်မြောက် ကွန်ဂရက်၌ အရွေးမခံတော့
Donate to DVB

လက်ရှိကျင်းပနေတဲ့ ကရင်အမျိုးသားအစည်းရုံး ကေအန်ယူရဲ့  (၁၇) ကြိမ်မြောက်ကွန်ဂရက် ခေါင်းဆောင်သစ် ရွေးချယ်ပွဲမှာ လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ရွေးကောက်ပွဲမှာ အရွေးမခံတော့ဘူးလို့ ကေအန်ယူအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကေအန်ယူရဲ့  (၁၇) ကြိမ်မြောက် ကွန်ဂရက် ခေါင်းဆောင်သစ် ရွေးချယ်ပွဲကို  မေလ ၁ ရက်နေ့ကစပြီး  လုပ်ဆောင်နေပြီး  ကွန်ဂရက် ရွေးကောက်ပွဲမှာ ဗဟိုကော်မတီလောင်း ၄၅ ဦးကို ရွေးချယ်ခဲ့ပါတယ်။

 အဲဒီ ဗဟိုကော်မတီလောင်း ၄၅ ဦးထဲက အယောက် ၃၀ ကို  ဗဟိုအမြဲတမ်းကော်မတီဝင်အဖြစ် မနက်ဖြန် မေ ၂ ရက်နေ့မှာတော့ လျှို့ဝှက်မဲနဲ့ ဆက်လက်ရွေးကောက်တင်မြှောက်ဖို့ ရှိနေပါတယ်။

အဲဒီနောက်မှာတော့  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို ရွေးချယ်ပြီး ဌာနဆိုင်ရာအသီးသီး ပြန်လည်ခန့်အပ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၆ ကြိမ်မြောက် ကေအန်ယူ-ကရင်အမျိုးသား အစည်းအရုံး ကွန်ဂရက်မှာ  ဗဟိုအမြဲတမ်းကော်မတီ ၄၁ ဦးကို လျှို့ဝှက်မဲနဲ့ ရွေးချယ်ပြီး ဗဟိုအလုပ်မှုဆောင် ကော်မတီ ၁၄ ဦးအပါအဝင် အစည်းအရုံးရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စုစုပေါင်း ၅၅ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။

အခု ၁၇ ကြိမ်မြောက်ကွန်ဂရက်မှာ‌တော့ တပ်မဟာ ၂ နဲ့ တပ်မဟာ ၅ က ကိုယ်စားလှယ်တွေဟာ ရွေးကောက်ပွဲ မဝင်သလို ဆွေးနွေးမှုတွေ မလုပ်ဘူးလို့လည်း သိရပါတယ်။

“ဒါပေမဲ့ ဖွဲ့စည်းပုံမှာရှိတာက ခရိုင်ဥက္ကဋ္ဌနဲ့ တပ်မဟာမှူးဟာ  အလိုလိုဗဟိုကော်မတီဖြစ်တယ်။ ဒါကိုလက်ခံတယ်။ လက်ခံတယ်ဆိုရင် ထည့်လို့ရတာပေါ့။”

ဒီကွန်ဂရက်ရဲ့ ခေါင်းဆောင်သစ်ရွေးကောက်ပွဲမပြုလုပ်ခင် ဧပြီ ၂၇ ရက်နေ့မှာ တပ်မဟာ ၅ က အချက် ၃ ချက်ကို အကြံပြုတဲ့စာတစောင်ကို တင်သွင်းခဲ့ပါတယ်။

အဆိုပါ အကြံပြုစာထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိပြီး တရားမဝင် လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်မြို့သစ်စီမံကိန်းမှာ ကေအန်ယူ ဗဟိုခေါင်းဆောင်တချို့ ပါဝင်ပတ်သက်မှုအပေါ် ကေအန်ယူ ဗဟိုအမြဲတမ်း ကော်မတီရဲ့ ဦးဆောင်မှုနဲ့ စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူတွေကို  အပြစ်ပေးအရေးယူပြီးမှ ကရင်တမျိုးသားလုံးရဲ့ သဘောထားကို ရယူကာ ကေအန်ယူ ဗဟိုညီလာခံကို ကျင်းပသွားဖို့ အကြုံပြုထားပါတယ်။

ကရင်ဘာသာနဲ့ရေးထားတဲ့ အချက် ၃ ချက်ပါ အဆိုပါ အကြံပြုစာမှာ အဖွဲ့အစည်းအတွင်း လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက်  ပညာရှင်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ်ဖွဲ့စည်းပြီး အွန်လိုင်းမှတဆင့်မဟုတ်ဘဲ လုံခြုံစိတ်ချရတဲ့ နေရာမှာ မျက်နှာချင်းဆိုင် ဖြေရှင်းသွားဖို့ ပါရှိပါတယ်။

ဒါ့အပြင် ဗဟိုအမြဲတမ်းကော်မတီဝင် ကေအန်ယူ ခေါင်းဆောင်တချို့နဲ့ ဆက်နွှယ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းပြီး အပြစ်ပေးအရေးယူတဲ့ အစီအစဉ်တွေ လုပ်ဆောင်ရမည်ဖြစ်ကာ အဆိုပါ ကိစ္စတွေ ရှင်းလင်းပြီးမှသာ ဗဟိုအမြဲတမ်းကော်မတီက တမျိုးသားလုံးရဲ့ သဘောထား ရယူပြီးမှ လက်ရှိကျင်းပနေတဲ့  ကွန်ဂရက် ပြန်လည်ကျင်းပဖို့ စတဲ့ အချက်များကို ကေအန်ယူ မူတြော်ခရိုင်က တောင်းဆိုအကြံပြုထားပါတယ်။

အဆိုပါ တောင်းဆို အကြံပြုချက်များကို ခေါင်းဆောင်တွေက တာဝန်ယူဖြေရှင်းခြင်းမပြုပါက ကွန်ဂရက်အတွင်း ရွေးကောက်ခံခြင်းနဲ့ မဲပေးခြင်းကို ပါဝင်သွားမှာမဟုတ်ဘဲ သူတို့ရဲ့ နဂိုရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီတောင်းဆိုလွှာအပေါ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ အရေးယူမှုဆိုင်ရာ ကိစ္စရပ်တွေကိုတော့ အရေးယူနိုင်ရေး ဆွေးနွေးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

၁၇ ကြိမ်မြောက် ကေအန်ယူကွန်ဂရက်ကို ကေအန်ယူ ထိန်းချုပ်နယ်မြေတနေရာမှာ ကျင်းပနေပြီး ကိုယ်စားလှယ် ၁၀၀ ကျော်ပါဝင်တက်ရောက်နေကာ ကေအန်ယူရဲ့ ဖွဲ့စည်းပုံအရ တက်ရောက်သူ ၇၅ ရာခိုင်နှုန်းပြည့်တဲ့အတွက် ကွန်ဂရက်ကို ဆက်လက် ကျင်းပနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013