
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) နဲ့ တွေ့ဆုံခွင့်ပေးတာဟာ နိုင်ငံတကာဖိအားကြောင့်ဖြစ်ပြီး ဒီလိုတွေ့ခွင့်ပေးရုံနဲ့ မလုံလောက်ဘဲ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ICRC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အာနိုးဒေဘက်ခ်က ဩဂုတ် ၃ ရက် မနက်ပိုင်း လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်အာဏာရှင်ဘက်က ထုတ်ပြန်လာတဲ့ အပေါ် AAPP က သဘောထား ထုတ်ပြန်လိုက်တာပါ။
AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ပြည်သူ့ဖိအား ကမ္ဘာ့ဖိအားကြောင့်သာ ဒေါ်အောင်ဆန်းစုကြည်ကို ICRC နဲ့ ပေးတွေ့ခဲ့တာဖြစ်သလို အခုလို ပေးတွေ့ရုံနဲ့ မလုံလောက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ပေးပြီး သူ့ရဲ့ မူလတာဝန်ကို ပြန်လည်ပေးအပ်ဖို့လိုတယ်” လို့ DVB ကို ပြောပါတယ်။
ဒီလိုတွေ့ဆုံခွင့်ပေးတာဟာ ပြည်တွင်းပြည်ပနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာတဲ့ အောင်မြင်မှု တစိတ်တပိုင်းဖြစ်ပေမဲ့ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူက တရားဝင် ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင် တယောက် အနေနဲ့ အသိအမှတ်ပြုခြင်း မဟုတ်ဘဲ ICRC ကိုသာ ရွေးချယ် တွေ့ဆုံခွင့်ပေးတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေတယ်လို့ AAPP က ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရမဲ့အပြင် နိုင်ငံတော်ကို ပြန်လည်ဦးဆောင်ဖို့ သူ့ရဲ့အခန်းကဏ္ဍကို တရားဝင် အသိအမှတ်ပြုရမယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ဒီနေ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကလည်း အတည်ပြု ထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် ကလည်း ဒီတွေ့ဆုံမှုဟာ အရေးပါတဲ့ ပထမခြေလှမ်းဖြစ်ပြီး တိုက်ရိုက်စကားပြောခွင့်ရရှိရေး၊ မိသားစုနဲ့ တွေ့ဆုံခွင့်ရရှိရေး၊ ကျန်းမာရေးအခြေအနေကို ယုံကြည်စိတ်ချရပြီး လွတ်လပ်စွာ အတည်ပြုနိုင်တဲ့ သတင်းအချက်အလက် ရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့အတူ ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရေး တိုက်တွန်းထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကတော့ စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ တရားဝင် ဆင့်လွှဲအာဏာ ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင်ဆောင်ရွက်မှု မရှိမဖြစ် လိုအပ်တယ်လို့ ဇူလိုင် ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေအားလုံး ဆက်လက်ထိန်းသိမ်းထားတာဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ အဓိကအတားအဆီးတရပ်အဖြစ် တည်ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မယ်လို့လည်း NLD က ထုတ်ပြန်ထားပါတယ်။
လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် တောင်းခံထားပေမဲ့ စစ်အာဏာရှင်ဘက်က ခွင့်ပြုခြင်း မရှိသေးပါဘူး။










