DVB Logo
Home
မြန်မာသတင်း
စစ်ကြောင်း ၃ ကြောင်း ထိုးနေသဖြင့် ပေါက်ပြည်သူ ၃၅,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရ
DVB
·
November 17, 2025
စစ်ကြောင်း ၃ ကြောင်း ထိုးနေသဖြင့် ပေါက်ပြည်သူ ၃၅,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ ၃၅,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ မြို့နယ် လူသားစာနာအဖွဲ့ဆီကနေ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက်ကတည်းက ပေါက်မြို့နယ် မြောက်ပိုင်းကို မြိုင်မြို့နယ် စက်မှု ၂ ဘက်က ဝင်လာတဲ့စစ်ကြောင်း၊ ကပစ ၂၄ ကနေ ဇီးပြား ပျူစောထီးရွာနဲ့ ရွှေဘုံသာ ပျူစောထီးရွာတွေဘက်ကို ထွက်လာတဲ့ စစ်ကြောင်း စတဲ့ စစ်ကြောင်း ၃ ကြောင်း ပေါင်းပြီး စစ်ကောင်စီတပ်သား အင်အား ၅၀၀ လောက်က ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာပါ။

စစ်ကြောင်းကြောင့် ပေါက်မြို့နယ် မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းက ကျေးရွာ ၄၂ ရွာက လူဦးရေ ၃၅,၀၀၀ နီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ပြည်သူတွေဟာ နီးစပ်ရာ တောတောင်တွေထဲ တိမ်းရှောင်နေကြရပြီး ဆောင်းရာသီဖြစ်တဲ့အတွက် အဝတ်အထည်၊ စောင်၊ ခြင်ထောင်နဲ့ စားနပ်ရိက္ခာ လိုအပ်နေတယ်လို့ သိရပါတယ်။

မြို့နယ် လူသားစာနာ တာဝန်ရှိသူက “စစ်ကြောင်းက ၃ နေရာ ဖြန့်ထားတော့ သယ်ယူပို့ဆောင်ရေး အပိုင်းမှာ အခက်အခဲရှိနေတယ်။ အခါတိုင်း စစ်ကြောင်းတကြောင်းလောက် လာရင် ဘယ်ကိုလာရင် ဘယ်ကိုရှောင်ရမယ်ဆိုတာ သိတယ်၊ ကြိုတင် ရွှေ့ပြောင်းထားတာမျိုး ရှိတယ်။ အခုကျတော့ ၃ နေရာလောက်က လာတာဆိုတော့ ဘယ်ကိုဦးတည်မလဲ မသိရဘဲ ရုတ်တရက် ရောက်လာတာဆိုတော့ စားနပ်ရိက္ခာပိုင်းတွေလည်း အခက်အခဲရှိတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၆ ကနေ ၁၇ ရက် မနက်အထိ စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာလည်း စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့သလို ပါရာမော်တာနဲ့လည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013