DVB Logo
Home
နိုင်ငံတကာ
ကက်ရှ်မီးယား ရဲစခန်းပေါက်ကွဲမှု မတော်တဆဖြစ်ရပ်ဟု အတည်ပြု  
DVB
·
November 16, 2025
ကက်ရှ်မီးယား ရဲစခန်းပေါက်ကွဲမှု မတော်တဆဖြစ်ရပ်ဟု အတည်ပြု  
Donate to DVB

အိန္ဒိယဘက်ခြမ်း ကက်ရှ်မီးယားဒေသမှာ  ရဲစခန်းပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးမှုဟာ မတော်တဆဖြစ်ရပ်ဖြစ်ကြောင်း ဂျမ်မူးနဲ့ ကက်ရှ်မီးယား ရဲတပ်ဖွဲ့ရဲ့ ညွှန်ကြားရေးမှူးချုပ် နာလင်းပရာဘာ့ထ်က နိုဝင်ဘာ ၁၅ ရက်မှာ အတည်ပြု ပြောပါတယ်။ 

ကက်ရှ်မီးယားပြည်နယ်ရဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းက နောင်းဂမ်ရဲစခန်းမှာ နိုဝင်ဘာ ၁၄ ရက် နှောင်းပိုင်းက ဖောက်ခွဲရေးပစ္စည်းတွေ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၉ ယောက် သေဆုံးပြီး လူပေါင်း  ဒါဇင်ချီ ဒဏ်ရာရရှိသွားခဲ့တာပါ။ 

ရဲစခန်းမှာ သိမ်းဆည်းရမိထားတဲ့ ပေါက်ကွဲစေတတ်သောပစ္စည်းတွေကနေ ထပေါက်ကွဲတာဖြစ်ပြီး ဒီဖြစ်ရပ်ရဲ့ အကြောင်းရင်းနဲ့ပတ်သက်တဲ့ တခြားထင်ကြေးတွေကိုလည်း မလိုအပ်ကြောင်း ထပ်လောင်း ပြောဆိုပါတယ်။

ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က “ပြန်လည်ရှာဖွေတွေ့ရှိတဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို နမူနာယူခြင်း၊ ကိုင်တွယ်ခြင်းလုပ်ငန်းစဉ်တို့ကို FSL (မှုခင်းဆေးပညာဓာတ်ခွဲခန်း) အဖွဲ့က အလွန်သတိထားပြီး လုပ်ဆောင်ခဲ့ပေမဲ့ ကံမကောင်းစွာပဲ၊ သောကြာနေ့ ည ၁၁ နာရီ မိနစ် ၂၀ မှာ မတော်တဆ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တာ”လို့ ပြောပါတယ်။

ဒီပေါက်ပွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၇ ယောက်၊ အခွန်အရာရှိ ၂ ယောက်နဲ့ အနီးအနားမှ အရပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း  ရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

သေဆုံးသူအများစုဟာ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြပြီး ဖောက်ခွဲရေးပစ္စည်းတွေကို စစ်ဆေးနေတဲ့ မှုခင်းဆိုင်ရာ အရာရှိတွေလည်း ပါဝင်ကြောင်း ရဲသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒဏ်ရာရရှိသူ တချို့မှာ စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်းလည်း ဆိုပါတယ်။  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ရဲစခန်းဝင်းကို မီးလောင်ကျွမ်းခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကို မီးသတ်သမားတွေ မြန်မြန်ဆန်ဆန် ရောက်လာခဲ့ကြကြောင်း ရဲအရာရှိတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယမြို့တော် နယူးဒေလီမှာ အနည်းဆုံး လူ ၈ ယောက် သေဆုံးခဲ့ရတဲ့ မော်တော်ကားပေါက်ကွဲမှု ဖြစ်ပွားခဲ့အပြီး ၄ ရက်အကြာမှာ ထပ်ကြုံတွေ့ရတာဖြစ်ပြီး အဲဒီဖြစ်ရပ်ကိုတော့ အကြမ်းဖက်မှုဖြစ်ရပ်လို့ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013