DVB Logo
Home
မြန်မာသတင်း
ပလက်ဝ စစ်ရှောင်စခန်းများတွင် ပြည်သူ ၄၀၀ ကျော် ဝမ်းရောဂါဖြစ်နေပြီး ၅ ဦးသေဆုံး
DVB
·
November 14, 2025
ပလက်ဝ စစ်ရှောင်စခန်းများတွင် ပြည်သူ ၄၀၀ ကျော် ဝမ်းရောဂါဖြစ်နေပြီး ၅ ဦးသေဆုံး
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နဲ့ ပလက်ဝမြို့နယ်က စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ ပြည်သူ ၄၀၀ ကျော် ဝမ်းရောဂါဖြစ်ပွားနေပြီး ၅ ယောက် သေဆုံးသွားတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

နိုဝင်ဘာလ အစောပိုင်းကစလို့ ပလက်ဝမြို့နယ်က ပြည်သူတွေနေထိုင်တဲ့ လောင်တလိုင် ခရိုင်အတွင်းက ကာကီကျေးရွာ၊ တွီဒန်းကျေးရွာ၊ လုံတင်းကျေးရွာ စစ်ဘေးရှောင်စခန်းတွေမှာ ပြည်သူ အယောက် ၁၀၀ နီးပါး ဝမ်းရောဂါဖြစ်ပွားခဲ့ပြီး ၅ ယောက်ကတော့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

လောင်တလိုင်ခရိုင်မှာ စစ်ဘေးရှောင် အကူအညီပေးနေသူတယောက်က “အစကတော့ ဗိုက်နာကြပြီး နောက်ကျတော့ ဝမ်းပျက်ဝမ်းလျှောကို ကူးသွားတယ်။ ပိုပြီးမှ ပြင်းထန်သွားတယ်။ ဖြစ်နိုင်တာကတော့ ရေကြောင့်လို့ ယူဆကြတယ်။ ကျနော်တို့က ရေစိမ်းပဲ သောက်ကြရတာ ဆိုတော့၊ ရေကနေဖြစ်တယ်လို့တော့ မှတ်ချက်ပေးကြတာပေါ့။ အထက်လှန် အောက်လျှော ဆိုတော့ ၂ ကြိမ် ၃ ကြိမ်လောက်သွားပြီးရင် လူက ခံနိုင်ရည်မရှိဘဲ ဆုံးတဲ့အထိ ဖြစ်ကြတာပါ” လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ပလက်ဝမြို့နယ်ထဲက နယ်စပ်ကုန်သွယ်ရေးဒေသဖြစ်တဲ့ ရှင်းလက်ဝဒေသမှာတော့ ကုန်သည်နဲ့ ဒေသခံပြည်သူ ၃၀၀ ကျော် ဝမ်းရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာန (AHD) ကတော့ ပလက်ဝခရိုင် ရှင်းလက်ဝ တိုက်နယ်အတွင်းမှာ ဝမ်းလျှော၊ ဝမ်းပျက်ရောဂါ ဖြစ်ပွားနေသူ ၃၀၀ နီးပါးအထိ ရှိလာနေပြီး အရေးပေါ် လူနာ ၃၀ ကို ဆေးဝါးကုသမှု ပေးထားတယ်လို့ နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေ၊ NGO/CSO တွေနဲ့ ပူးပေါင်းပြီးတော့ ကုသရေးလုပ်ငန်းတွေနဲ့ ရောဂါမပြန့်ပွားရေး လုပ်ငန်းတွေကို ချက်ချင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနက နိုဝင်ဘာ ၄ ရက်နေ့ကတည်းက အန္တရာယ်ရှိအုပ်စုတွေကို ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးနေပြီး လက်ရှိမှာ ရောဂါသစ် ကူးစက်သူ ၅ ရာခိုင်နှုန်းအောက်ကို ကျဆင်းလာပြီလို့ AHD က ဆိုထားပါတယ်။

ရောဂါကူးစက်သူ အ‌ရေအတွက် ကျဆင်းလာပေမဲ့ ရောဂါဆက်လက်မပြန့်ပွားဖို့အတွက် အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ထားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ကုန်သည်တယောက်က “ကုန်သွယ်ရေးလမ်းကြောင်း အခြေအနေကတော့ မနေ့ကတည်းက စပြီး ပိတ်ထားတယ်။ အိန္ဒိယဘက်ကလည်း ရောဂါဖြစ်နေတဲ့ရွာတွေကို Lockdown ချပြီးတော့ ထားတယ်။ ရခိုင်ဘက်ကိုလည်း သူတို့ဘက်က အသိပေးထားတယ်လို့ သိထားတာရှိတယ်။ လက်ရှိကတော့ ဘယ်သူမှသွားလို့မရဘူး၊ လမ်းကြောင်းပိတ်တဲ့ အနေအထားကတော့ တပတ်လို့ သိထားရတယ်။ အဓိကက တွီတင်း၊ လုံးတင်၊ ကာကီတို့ဘက်တွေကို အကုန်ပိတ်ထားတယ်၊ လောင်တလိုင်ဘက်ကို ရောက်နေတဲ့ ကုန်သည်တွေက အကုန်ပိတ်ဆို့နေတဲ့ အနေအထားမျိုး ရှိတယ်” လို့ ပြောပါတယ်။

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ထားတာကြောင့် ရခိုင်ပြည်နယ်မှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး ကုန်စျေးနှုန်း မြင့်တက်လာနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013