DVB Logo
Home
မြန်မာသတင်း
မကွေးတွင် တပ်သားသစ်  ၁ ဦး Drone Gun အပါအဝင် ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
November 14, 2025
မကွေးတွင် တပ်သားသစ်  ၁ ဦး Drone Gun အပါအဝင် ခဲယမ်းများဖြင့် အလင်းဝင်
1 / 2
Donate to DVB

မကွေးတိုင်း၊ မကွေးမြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတဲ့ တပ်သားသစ်တယောက် နိုဝင်ဘာ ၇ ရက်မှာ Drone Gun အပါအဝင် ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နေပြည်တော်က နိုဝင်ဘာ ၁၃ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နေပြည်တော်ရဲ့ ပြန်ကြားရေးတာဝန်ခံက “အလင်းဝင်လာတဲ့သူက ဒီးမော့ဆိုမြို့နယ် ခမရ ၄၂၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ ကိုယ်ပိုင်အမှတ် (ပစ-၁၁၅၄၀) တပ်သားသစ် တပ်သားစိုးထက်ကျော် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

တပ်သားစိုးထက်ကျော်ဟာ Drone Gun ၁ လက်၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ MA11 ကျည်ဘောက် ၂ ခု၊ ၅.၅၆ ကျည်အတောင့် ၅၀၊ ဆက်သွယ်ရေးစကားပြောစက် ၂ လုံးတို့နဲ့အတူ အလင်းရောက်လာတာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နေပြည်တော်ရဲ့ တိုင်းတာဝန်ခံ ကိုနောင်ချိုက “သူက ​မကွေးတိုင်း ဇာတိဖြစ်ပါတယ်။ မကွေးမြို့ပေါ်ကို ဖုန်းလာဝယ်ရင်း ပေါ်တာဆွဲခံရပြီးတော့ စစ်မှုထမ်းနေရသူပါ။ ပေါ်တာဆွဲခံရပြီးတော့ မကွေးတိုင်းစုဆောင်ရေးကိုခေါ်သွားခံရတယ်။ အဲဒီကနေ တောင်တွင်းကြီး အမှတ် ၇ လေ့ကျင့်ရေးတပ်မှာ စစ်မှုထမ်းအပတ်စဥ် ၄ သင်တန်းတက်ရောက်​ပြီး သင်တန်းဆင်းခဲ့သူဖြစ်ပါတယ်။ စစ်သင်တန်းဆင်းပြီး ဒီးမော့ဆိုမြို့နယ် ခမရ ၄၂၇ တပ်ရင်းကို အပို့ခံရတာပါ။ အလင်းဝင်လာတဲ့ စိုးထက်ကျော်က ကျနော်တို့ဆီ ဆက်သွယ်လာလို့ သူရှိနေတဲ့နေရာအထိ သွားရောက်ခေါ်ဆောင်ခဲ့ရပါတယ်။ အခုတော့ သူ့ကို သူပါလာတဲ့ ပစ္စည်းတွေနဲ့အတူ တိုင်းဦးဆောင်အဖွဲ့ကနေ လွှဲပြောင်းလက်ခံထားပြီး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။ ဆုကြေးငွေချီးမြှင့်ဖို့အတွက်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဆီကို ဆက်လက်တင်ပြထားပါတယ်” လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နေပြည်တော်ဆီကို ဘက်ပြောင်းခိုလှုံလာကြသူတွေဟာ အခု အလင်းဝင်ရောက်လာတဲ့ တပ်သားစိုးထက်ကျော် အပါအဝင် ၉ ယောက်အထိ ရှိနေပြီလို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းနေကြသူတွေအနေနဲ့လည်း အာဏာရှင်တစုရဲ့ အကျိုးအတွက် ဆောင်ရွက်မနေဘဲ စစ်အာဏာရှင်ကိုစွန့်ခွာပြီး ပြည်သူဘက်ကို မျက်နှာမူကာ ပြည်သူတွေနဲ့အတူ အမြန်ဆုံးပူးပေါင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နေပြည်တော် က တိုက်တွန်းထားပါတယ်။

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၃၉ မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လေးက-တံတားဂိတ်စခန်းကို နိုဝင်ဘာ ၁၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ နေပြည်တော်၊ တပ်ကုန်း PDF တပ်ရင်း ၈၀၃ က ရဲဘော်တွေ ဝင်ရောက်တိုက်ခိုက်ကြခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးကာ အရာရှိတယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Photos .... ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ နေပြည်တော်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013