DVB Logo
Home
နိုင်ငံတကာ
နိုင်ဂျီးရီးယားတွင် စုန်းဝင်စားဟု စွပ်စွဲ စွန့်ပစ်ခံရသည့် ကလေးများအား အကူအညီပေး
DVB
·
November 14, 2025
နိုင်ဂျီးရီးယားတွင် စုန်းဝင်စားဟု စွပ်စွဲ စွန့်ပစ်ခံရသည့် ကလေးများအား အကူအညီပေး
Donate to DVB

နိုင်ဂျီးရီးယားနိုင်ငံမှာ စုန်း၊ မှော်အတတ်၊ အောက်လမ်းပညာ ပိုင်ဆိုင်ထားသူလို့ စွပ်စွဲပြီး စွန့်ပစ်ခံရတဲ့ ကလေးတွေကို ကလေးသူငယ်အခွင့်အရေးနဲ့ ပြန်လည်ထူထောင်ရေးကွန်ရက် (CRARN) အမည်ရှိ နိုင်ဂျီးရီးယား အကူအညီပေးရေးအဖွဲ့က အကူအညီပေးနေပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ အဲဒီလို စွပ်စွဲခံရတဲ့ နိုင်ဂျီးရီးယားကလေး ၃၀,၀၀၀ ကျော်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

နိုင်ဂျီးရီးယားအစိုးရဟာ စုန်း/မှော်ကိစ္စနဲ့ ဆက်စပ်တဲ့ ကလေးသူငယ် အလွဲသုံးစားပြုမှုကို ကာကွယ်ဖို့ ဖက်ဒရယ်နဲ့ ပြည်နယ်အဆင့် ၂ ခုလုံးမှာ ဥပဒေတွေ အတည်ပြုခဲ့ပေမဲ့လည်း ကလေးတွေကို စွပ်စွဲစွန့်ပစ်တဲ့ လုပ်ရပ်က ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဖြစ်ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဒီပြဿနာဟာ ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်တဲ့ တောင်ပိုင်းကမ်းရိုးတန်းပြည်နယ်တွေ ဖြစ်တဲ့ အာကွာအီဘွန်နဲ့ ခရော့စ်ရေးဗားပြည်နယ်တွေမှာ အဆိုးရွားဆုံး ဖြစ်ပါတယ်။

CRARN မှ အစီအစဉ်မန်နေဂျာ အီမာ အီတာမာက “ကလေးတယောက်ကို စုန်းဝင်စားတယ်ဆိုပြီး စွပ်စွဲခံရရင် ရိုက်နှက်ခံရ၊ စွန့်ပစ်ခံရပြီး လမ်းပေါ်မှာ လှည့်လည်သွားလာရလေ့ ရှိပါတယ်။ ကျမတို့က သူတို့ကို ကယ်တင်ပြီး သင်ယူဖို့ အခွင့်အရေးပေးပါတယ်” လို့ ပြောပါတယ်။

CRARN နဲ့ အလားတူ Street Mentors Network နဲ့ Way to the Nations အဖွဲ့တွေကတော့ စုန်းဝင်စားလေးတွေလို့ စွပ်စွဲခံရတဲ့ ကလေးတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်ရမယ့် နည်းလမ်းက ပညာရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်ပိုင်ရန်ပုံငွေနဲ့ ထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတွေဟာ ကလေးတွေအတွက် အစားအစာနဲ့ နေထိုင်စရာအပြင် ကျောင်းပညာရေးကိုပါ ပံ့ပိုးပေးပါတယ်။

“ကလေးတယောက် စာဖတ်နိုင်၊ ရေးနိုင်၊ စဉ်းစားနိုင်တဲ့အခါ ရွေးချယ်နိုင်စွမ်းကို ရရှိပါတယ်” လို့ လက်ရှိမှာ ကလေး ၅ ယောက်ကို စောင့်ရှောက်နေတဲ့ Street Mentors Network ကို တည်ထောင်သူ အနီတာ မိုက်ကယ်လ်က ပြောပါတယ်။

ကလေးအားလုံးဟာ ကျောင်းတက်သူတွေနဲ့ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေကို သင်ယူနေကြသူတွေ ဖြစ်ပါတယ်။

ကလေးတွေအပေါ် စွပ်စွဲချက်တွေကို မိသားစုတွေအတွင်းနဲ့ ဘုရားကျောင်း ဝတ်ပြုမှုတွေ သို့မဟုတ် နတ်ဆိုးနှင်ထုတ်ခြင်း အခမ်းအနားတွေအတွင်း ပြုလုပ်ကြပေမဲ့ အဲဒီအလေ့အကျင့်တွေကို ထောက်ခံသူ အများစုဟာ သူတို့နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ဆန္ဒမရှိကြပါဘူး။

စုန်းဝင်စားလို့ တံဆိပ်ကပ်ခံရပြီး ကယ်တင်ခံရသူ ကလေးတွေနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုခံရတဲ့ ဘုရားကျောင်းက သင်းအုပ်ဆရာတွေဟာ ဖုန်းခေါ်ဆိုမှုတွေ သို့မဟုတ် မက်ဆေ့ချ်တွေကို မတုံ့ပြန်ခဲ့ပါဘူး။

နှစ်ပေါင်းများစွာ လှုပ်ရှားဆောင်ရွက်ခဲ့ပေမဲ့ တိုးတက်မှုက စိတ်ပျက်စရာကောင်းလောက်အောင် နှေးကွေးပြီး စွပ်စွဲချက်တွေ ဆက်လက်ထွက်ပေါ်နေကြောင်း Way to the Nations ကို ပူးတွဲတည်ထောင်သူ လီယိုနာဒို ဆန်းတို့စ်က ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013