DVB Logo
Home
မြန်မာသတင်း
ဌာနဆိုင်ရာများတွင် အကျင့်ပျက်ခြစားမှုနှင့် ပြည်သူကို မချေမငံဆက်ဆံမှု ပိုဆိုးလာ
DVB
·
November 13, 2025
ဌာနဆိုင်ရာများတွင် အကျင့်ပျက်ခြစားမှုနှင့် ပြည်သူကို မချေမငံဆက်ဆံမှု ပိုဆိုးလာ
1 / 2
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ဌာနဆိုင်ရာရုံးတွေနဲ့ ဝန်ထမ်းတွေက လူထုကို ဆက်ဆံပုံတွေ မချေမငံဖြစ်နေပြီး အကျင့်ပျက် ခြစားတာတွေလည်း ပိုဆိုးလာတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကာယကံရှင်တွေက ပြောပါတယ်။

ဒဂုံမြို့သစ်ခရိုင်တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ ပြည်သူတယောက်ကတော့ ရှေ့နေမပါဘဲ တရားရုံးစာရေးဆီမှာ အမှုတွဲပါ စစ်ဆေးချက်ကို မိတ္ထူဆွဲဖို့ တောင်းဆိုရာမှာ အခကြေးငွေ မပေးမချင်း မလုပ်ပေးကြောင်းနဲ့ ကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။

“အမှုတွဲဖိုင်ထဲမှာပါတဲ့ စစ်ဆေးထားတဲ့ စစ်ဆေးချက်တွေကို ကျနော်က မိတ္တူကူးလျှောက်ဖို့ တရားရုံးစာရေးကို သွားပြောတာ။ တရားရုံးစာရေးက အဲဒီကူးမယ့်စာမျက်နှာက ကြည့်ပေးရမယ်၊ ကြည့်ပေးဖို့ ပိုက်ဆံပေးရမယ်တဲ့။ ကျနော်က တရားဝင်ကူးတာ ဘာလို့ ပိုက်ဆံပေးရမှာလဲလို့ ပြောတော့ ခဏနေဦး ဆိုပြီး အဲဒီကတည်းက နေခိုင်းလိုက်တာ နေ့လယ် ၂ နာရီ ၃ နာရီလောက်ထိ၊ သူလည်း ဘာမှလုပ်နေတာ မဟုတ်ဘူး၊ အဲဒါ ကျနော်လည်း ကျနော့်ရှေ့နေကို ပြောပြလိုက်တော့ ရှေ့နေက ရောက်လာပြီး ခင်ဗျား သူ့ကို ပိုက်ဆံမပေးလိုက်ဘူးလား ဆိုပြီး မေးတယ်။ မပေးဘူး ဆိုတော့ ပေးလိုက်မှ လုပ်ပေးမှာပေါ့ ဆိုပြီးပြောတယ်။ ဘယ်မှာပဲဖြစ်ဖြစ် ဒီလို စာရွက်လေး လှန်ကြည့်ဖို့ ပိုက်ဆံပေးရတယ်ဆိုပြီး ကျနော့်ကို အဲဒီလို ပြောတာဗျာ။ အခု တရားရုံးတွေမှာက ဘာလုပ်လုပ် ပိုက်ဆံပေးရတယ်။ နောက်ဆုံး အမှုရုံးချိန်းလေး ဘယ်ချိန်လောက်လဲ မေးတာတောင် ပိုက်ဆံပေးရတယ်။ ပြောချင်သလို မပြောချင်သလိုနဲ့ ပိုက်ဆံပေးရင် တမျိုး၊ မပေးရင် တမျိုး။”

လူထုနဲ့ အများဆုံးထိတွေ့ဆက်ဆံနေရတဲ့ ဌာနတွေဖြစ်တဲ့ တရားရေး၊ လူဝင်မှုကြီးကြပ်ရေး (လဝက)၊ စည်ပင်တို့က အကျင့်ပျက်ခြစားပြီး ဝန်ထမ်းတွေရဲ့ မချေမငံမှုတွေ အများဆုံးကြုံနေရတဲ့ အစိုးရရုံးဌာနတွေ ဖြစ်တယ်လို့ ပြည်သူတွေဆီက စုံစမ်းသိရပါတယ်။

လဝကဝန်ထမ်းတွေရဲ့ ပြည်သူတွေအပေါ် ဆက်ဆံပုံနဲ့ အကျင့်ပျက် ခြစားနေတဲ့အကြောင်း စမတ်ကတ်လုပ်ရင်း ကြုံခဲ့ရတဲ့ ကာယကံရှင်က အခုလို ပြောပါတယ်။

“ကွန်ပျူတာထဲ အမေနာမည် မှားတယ်ဆိုပြီး အဲဒါ တရက်၊ နောက်ရက် ပြန်ပြင်ပေးပါ့မယ် ဆိုပြီး ပြောလို့ နှစ်ရက် သုံးရက်နေ သွားတော့ မရပြန်ဘူး၊ မပြင်ရသေးဘူး ဆိုပြီးတော့ ၁၀ ရက်လောက်နေ တခါ ထပ်သွားတယ်။ အဆင်မပြေသေးဘူးဆိုလို့ ငါ နည်းနည်းပါးပါးတော့ ပေးမှဖြစ်မယ်ဆိုပြီး ပေးလိုက်တော့ မနက်ဖြန် သန်ဘက်ခါ ရမယ်၊ နေပြည်တော်ကို ပို့ထားတာ ပြန်လာရင် ရမှာဆိုပြီး ပြောတယ်။ သုံး လေးခေါက်ရှိပြီ အဆင်မပြေတာ၊ ချိုချိုသာသာနဲ့ အေးအေးဆေးဆေးနဲ့ ပြောပြီးတော့ နောက်ထပ်တခါ ထပ်ပြီး ပေးရသေးတယ်။ ပေးလိုက်တော့မှ သူ့ဘေးကတယောက်ကို လှမ်းပြီးပြောလိုက်တာ၊ ဘာတွေပြင်ပြီး ဘာတွေဖြည့်လိုက်လဲ မသိဘူး၊ ခဏစောင့် ဆိုပြီး လုပ်ကြတော့၊ ၃ နာရီလောက် စောင့်လိုက်တော့ နောက်ဆုံးတော့ ရလာတယ်ပေါ့။ တော်တော်တော့ ခက်ခဲပြီး ပင်ပန်းတယ်၊ မလွယ်ဘူး၊ သူ ပြောတာလည်း စကားပြောတာ ရင့်ရင့်သီးသီး မလွယ်ဘူး။ တော်တန်ရုံ သည်းမခံနိုင်ရင် ရန်တောင်ထဖြစ်မှာ။”

မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်ပြီး အဂတိလိုက်စားမှုကော်မရှင်ကို ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အစိုးရဌာနတွေ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ အသင်းအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံရာမှာ အဂတိလိုက်စားမှု ကြုံရရင် ကော်မရှင်ကို တိုင်ကြားနိုင် ကြောင်း သိရပါတယ်

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013