DVB Logo
Home
မြန်မာသတင်း
လူမှု၀န်ထမ်းဦးစီးဌာနက နိုင်ငံတဝန်း မသန်စွမ်းဝန်ထမ်း ၁၀၀ ကျော်သာခန့်ထားနိုင်
DVB
·
November 16, 2026
Photo: Pythu Hluttaw 
Photo: Pythu Hluttaw 
Donate to DVB

လူမှု၀န်ထမ်းဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံတဝန်း မသန်စွမ်း၀န်ထမ်း အရာထမ်းနဲ့ အမှုထမ်း စုစုပေါင်း အယောက် ၁၀၀ ကျော်လောက်ပဲ ခန့်အပ်ထားတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမား၀န်ကြီးဌာန ဒု၀န်ကြီးဦးမျိုးအောင်က ပြောပါတယ်။

နို၀င်ဘာ ၁၃ ရက်က ကျင်းပတဲ့ စစ်အာဏာရှင်ဩဇာခံ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးနေလင်းအောင်ရဲ့ မေးခွန်းကို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

မသန်စွမ်းသူတွေကို အစိုးရအဖွဲ့အစည်းတွေအတွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရေးနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ နိုင်ငံတဝန်းလုံးမှာ ဝန်ထမ်း ၃,၁၃၆ ယောက်ရှိတဲ့အထဲ မသန်စွမ်းဝန်ထမ်းအရာထမ်း ၂၈  ယောက်၊ အမှုထမ်း ၈၄ ယောက်၊  စုစုပေါင်း ၁၁၂ ယောက် ခန့်အပ်ထားရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၅၇ ရာခိုင်နှုန်း ခန့်အပ်ထားပြီးဖြစ်တယ်လို့ ဒု၀န်ကြီးဦးမျိုးအောင်က ပြောပါတယ်။

ဒါ့အပြင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ ကိုယ်အင်္ဂါမသန်စွမ်းသူတွေနဲ့ အကြားအာရုံ မသန်စွမ်းသူတွေအတွက် အီလက်ထရောနစ်၊ ဆံသ၊ ကွန်ပျူတာ၊ တံဆိပ်ရိုက်နဲ့ စက်ချုပ်သင်တန်းတွေ ပုံမှန်ဖွင့်လှစ်သင်ကြားပေးနေတာမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ထိ သင်တန်းတက်ရောက်သူ ၅၇၅ ယောက်ရှိပြီး အလုပ်အကိုင်ရရှိသူ ၂၅၄ ယောက် ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မျက်မမြင်အကြောပြင်အနှိပ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားနေရာမှာ ကြည့်မြင်တိုင် မျက်မမြင်သင်တန်းကျောင်းမှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သင်တန်းသား ၃၀၁ ယောက်ကို သင်တန်းပေးနိုင်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှာ အလုပ်အကိုင်ရရှိသူ ၂၃၈ ယောက်ရှိသလို စစ်ကိုင်း မျက်မမြင်ကျောင်းမှာ ၂၀၀၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ သင်တန်းသား ၂၀၂  ယောက်ကို သင်တန်းပေးနိုင်ခဲ့ရာ အလုပ်အကိုင်ရရှိသူ ၆၆ ယောက်ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ 

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အသက် ၅ နှစ်နဲ့အထက် ၂ ဒသမ ၂၉ သန်း လူဦးရေရဲ့ (၇ ဒသမ ၆) မသန်စွမ်းသူတွေ ဖြစ်ပြီး မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ မသန်စွမ်းသူများအခွင့်အရေးဥပဒေကို ၂၀၁၅ ခုနှစ်၊ နည်းဥပဒေတွေကို ၂၀၁၇ ခုနှစ်မှာ ပြဋ္ဌာန်းထားပြီးလို့ စစ်အာဏာရှင်လက်အောက်ခံ ဒု၀န်ကြီး ဦးမျိုးအောင်က ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းအလုပ်အကိုင်ရရှိ ခန့်ထားမှုနဲ့ စပ်လျဉ်းပြီး မသန်စွမ်း သူတွေအပါအဝင် အလုပ်ရှာဖွေသူတွေရဲ့ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ အလုပ်လုပ်ကိုင်နိုင်စွမ်းအပေါ် မူတည်ပြီး အစိုးရဌာနတွေအပါအဝင် အလုပ်ရှင်တွေရဲ့ လိုအပ်ချက်တွေနဲ့အညီ သင့်လျော်သူတွေကို ရွေးချယ်ပြီး ပုဂ္ဂလိကစက်ရုံနဲ့ အလုပ်ရုံတွေမှာ အလုပ် ခန့်အပ်နိုင်ရေး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ အလုပ်သမား ဒု၀န်ကြီး ဦးမျိုးအောင်ရဲ့ ဖြေကြားမှုနဲ့ ပတ်သက်ပြီး မသန်စွမ်းသူတယောက်က “အရင်ကတည်းက မသန်စွမ်းတွေကို အလုပ်ပေးရင် လူမှု၀န်ထမ်းဌာနပဲ သတိရပြီး အဲဒီမှာ အလုပ်ခန့်နေတာ ကြာပါပြီး။ လွှတ်တော်ပေါ်ပြီးမှ လုပ်တာ မဟုတ်ဘူး။ လွှတ်တော်မပေါ်ခင် စစ်အစိုးရလက်ထက်ထဲက အဲဒီလိုပါ။ သူဖြေသွားတဲ့အထဲမှာ တခြား၀န်ကြီးဌာနတွေမှာ မသန်စွမ်းသူတွေကို အလုပ်မခန့်နိုင်သေးဘူးလို့ ၀န်ခံလိုက်တာပါ”လို့ ထောက်ပြပါတယ်။

လက်ရှိမှာတော့ မသန်စွမ်းသူတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုက နည်းနေတယ်လို့လည် ပြောပါတယ်။

ရန်ကုန်မြို့ခံ မသန်စွမ်းအမျိုးသားတယောက်က “လက်ရှိ ကုန်ကျစရိတ်နဲ့ မသန်စွမ်းသူတွေ ဘယ်စားလောက်မလဲနော်။ သူပြောသလို အလုပ်ခန့်နိုင်မယ်ဆိုရင် သွားလျှောက်ရင် မခန့်တာ များပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ၊ လုပ်ငန်းသဘောအရဆိုပြီး ပြန်ဖြေတာမျိုးတွေ ကြုံရတယ်လေ။ အဲဒီတော့ အရောင်းအ၀ယ်၊ စက်ချုပ်၊ အိမ်ဆိုင်လေးဖွင့်ပြီး ကိုယ်နိုင်သလောက် ဝမ်းရေးအတွက် ဖြေရှင်းနေရတာ များပါတယ်ခင်ဗျား”လို့ ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနအနေနဲ့ မသန်စွမ်းသူတွေအပါအဝင် အလုပ်အကိုင်ရှာဖွေနေသူတွေကို သူတို့နဲ့ သင့်တော်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိနိုင်ရေးအတွက် အလုပ်ရှင်တွေ၊ အစိုးရဌာနတွေ၊ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပေမဲ့ လက်တွေ့မြေပြင်မှာတော့ ကွဲလွဲမှုတွေ ရှိနေပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနဟာ မသန်စွမ်းမှု ၄ မျိုးဖြစ်တဲ့ ကိုယ်အင်္ဂါမသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်းနဲ့ ဉာဏ်ရည်မသန်စွမ်းတွေအတွက် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ ကိုယ်အင်္ဂါ မသန်စွမ်းသူတွေကို အသက်မွေးဝမ်းကျောင်း ပညာသင်ကြားနိုင်ဖို့ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းတကျောင်း ဖွင့်လှစ်ပေးထားပါတယ်။

ဒါ့အပြင် မသန်စွမ်းကလေးတွေအခြေခံပညာနဲ့ အသက်မွေး ဝမ်းကျောင်းပညာတွေ သင်ကြားနိုင်ဖို့ အတွက် မျက်မမြင်သင်တန်းကျောင်း ၂ ကျောင်းနဲ့ နားမကြားသောကလေးတွေအတွက် ကျောင်း ၂ ကျောင်း၊ ဉာဏ်ရည်မသန်စွမ်းသူတွေအတွက် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ၃ ကျောင်း၊ မသန်စွမ်းကလေးတွေ ပြုစုစောင့်ရှောက်ရေးဂေဟာ ၁ ခုနဲ့ မသန်စွမ်းသက်ကြီး စောင့်ရှောက်ရေးဂေဟာ ၁ ခု  အားလုံးပေါင်း ၁၀ ခု ဖွင့်လှစ်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013