
ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းမှာ အုပ်စုဖွဲ့ ခါးပိုက်နှိုက်သူတွေကို ရဲစခန်းကိုတိုင်ပေမဲ့ အရေးယူခြင်း မရှိဘူးလို့ YBS နေ့စဉ်စီးနင်းသူ ပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဆိုပါ ခါးပိုက်နှိုက်သူတွေဟာ YBS ယာဉ်တွေပေါ်မှာ ဝန်ထမ်းသဖွယ် ဝတ်စားဆင်ယင်ပြီး ဖုန်းတွေကို အဓိကပစ်မှတ်ထား နှိုက်ယူနေတာလို့ ဆိုပါတယ်။
ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတယောက်က “သူတို့တွေက လှည်းတန်းတဝိုက်မှာ သောင်းကျန်းနေကြတာ တော်တော်ဆိုးတယ်။ အထူးသဖြင့် ဘတ်စ်ကားတွေပေါ် တက်လာပြီး ဖုန်းကိုနှိုက်တာ။ ကိုယ်တွေရှေ့မှာ နှိုက်နေတာလည်း တွေ့တယ် မပြောရဲဘူး။ မနက်ပိုင်းဆို ကျောင်းသားတွေ များတယ်။ ရန်ကုန်တက္ကသိုလ်မှာ လာတက်တဲ့သူတွေ။ ကျောင်းသူတွေ ဖုန်းပါသွားတာ မနည်းဘူး။ နှိုက်တဲ့သူတွေကို သိလို့ ရဲစခန်းတိုင်တော့လည်း အရေးမယူဘူး။ ပိုပိုသောင်းကျန်းလာတယ် သူတို့က” လို့ ပြောပါတယ်။
အဆိုပါဖြစ်စဉ်ကို မြင်တွေ့မိတဲ့သူတွေအနေနဲ့ ကမာရွတ်မြို့နယ်ရဲစခန်းကို ဆက်သွယ်ပြီး အရေးယူပေးဖို့ တိုင်ကြားခဲ့ပေမဲ့ ထိရောက်စွာ အရေးယူမှု မရှိဘူးလို့ သိရပါတယ်။
အုပ်စုဖွဲ့ ခါးပိုက်နှိုက်သူတွေဟာ လှည်းတန်းမှတ်တိုင်ကနေ ဘတ်စ်ကားစစီးပြီး ကြားမှတ်တိုင်တွေမှာ ခါးပိုက်နှိုက်မှု ကျူးလွန်ကြတာ ဖြစ်ပါတယ်။
ခါးပိုက်နှိုက်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့ တောင်းဆိုမှုတွေရှိပေမဲ့ လှည်တန်းလမ်းဆုံမှာသာမက လူဦးရေထူထပ်တဲ့ နေရာတွေမှာလည်း ခါးပိုက်နှိုက်တွေက လှည့်လည် ကျင်လည်နေတယ်လို့ သိရပါတယ်။










