
ရန်ကုန်မြို့က YBS ဘတ်စ်ကားတွေပေါ်မှာ ခါးပိုက်နှိုက်အန္တရာယ်က စိုးရိမ်စရာ အခြေအနေ ဖြစ်နေတယ်လို့ Peace Myanmar အဖွဲ့ရဲ့ ဇူလိုင် ၉ ရက် ထုတ်ပြန်တဲ့ ၁၀ နှစ်သား YBS စစ်တမ်းမှာ ဖော်ပြထားပါတယ်။
Peace Myanmar အဖွဲ့က ဇွန် ၁၄ ကနေ ၁၈ ရက်အထိ မြို့နယ် ၂၈ မြို့နယ်ရှိ ဘတ်စ်ကားမှတ်တိုင် ၁၄၀ မှ ခရီးသည် ၃,၃၆၀ အား YBS ဘတ်စ်ကားစီးရတဲ့ အတွေ့အကြုံကို မေးမြန်းကောက်ယူခဲ့တဲ့ စစ်တမ်းတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာပါ။
အဲဒီစစ်တမ်းတွေ့ရှိချက်အရ YBS ကားစီးသူ ၃ ပုံ ၁ ပုံနီးပါးဖြစ်တဲ့ ဖြေဆိုသူ ခရီးသည် ၂၉ ရာခိုင်နှုန်း ခါးပိုက်နှိုက်တာခံရပြီး ဖြစ်စဥ်ရဲ့ ၆၇ ရာခိုင်နှုန်းမှာ ဘာဖြေရှင်းမှုမျိုးမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ပုံမှန်ဘတ်စ်ကားစီးခရီးသည်တယောက်က “ခိုးဆိုးလုနှိုက်တွေ ထောင်ကလွှတ်ပေးနေတော့ အခြေအနေ ပိုဆိုးလာတယ်လေ။ သူတို့က အုပ်စုလိုက်လုပ်နေတာ၊ မြင်နေရင်တောင် မပြောရဲဘူး” လို့ ပြောပါတယ်။
ခါးပိုက်နှိုက်ခံရတာကို ယာဥ်ပေါ်က ခရီးသည်တွေ ဝိုင်းဝန်းဖြေရှင်းတာ ၁၁ ရာခိုင်နှုန်း၊ ခါးပိုက်နှိုက်သူရှိကြောင်း တနည်းနည်းနဲ့ ခရီးသည်တွေကို အသိပေးတာ ၁၀ ရာခိုင်နှုန်းနဲ့ ရဲစခန်းကိုမောင်းပြီး ဖြေရှင်းတာ ၆ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘတ်စ်ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရတာ ၁၁ ရာခိုင်နှုန်းရှိပြီး ဖြေဆိုသူအမျိုးသမီး ၁၂ ရာခိုင်နှုန်းက ဒီအခြေအနေ ကြုံရတာအပြင် ယောကျ်ားလေး ၁၀ ရာခိုင်နှုန်းလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်လို့ ဆိုပါတယ်။
YBS ဘတ်စ်ကားစီးရတာနဲ့ ပတ်သက်ပြီး အဲကွန်းမအေးတာ၊ မှတ်တိုင်မရပ်တာ၊ တစီးနဲ့တစီး ပြိုင်မောင်းတာ၊ ကားအတွင်းပိုင်း လက်ကိုင်တန်း အပါအဝင် ကြံ့ခိုင်မှုမကောင်းတာ၊ စောင့်ဆိုင်းရချိန်ကြာတာ ဆိုတဲ့ ခရီးသည်တွေရဲ့ အဆင်မပြေကြောင်း ထောက်ပြချက်တွေကိုလည်း အစီရင်ခံစာမှာ တွေ့ရပါတယ်။
ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားစနစ်ကို NLD အစိုးရလက်ထက် ၂၀၁၇ နှစ်ဦးမှာ စတင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ၁၀ နှစ်တာကာလထဲ ရောက်လာတာပဲ ဖြစ်ပါတယ်။
အဲဒီစနစ် ပြောင်းလဲချိန်က ပြေးဆွဲနေတဲ့ ဘတ်စ်ကားအားလုံးကို ကားအသစ်တွေနဲ့ အစားထိုးမယ်လို့ ဆိုပေမဲ့ အစောပိုင်းလောက်မှာပဲ ကားအသစ်တွေ တင်သွင်းအသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ ရှိရင်းစွဲကားတွေနဲ့ ဆက်လက်အားပြုနေကြတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ လက်ရှိ YBS ယာဥ်လိုင်း ၁၃၀ လောက်က ဘတ်စ်ကားစီးရေ ၃,၅၀၀ နီးပါးနဲ့ ပြေးဆွဲနေကာ နေ့စဥ် စီးနင်းအသုံးပြုသူ ခရီးသည် ၁ ဒသမ ၇ သန်းနီးပါး ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။










