
ကမ္ဘာ့လိမ်လည်မှုနဲ့ ခါးပိုက်နှိုက်အန္တရာယ်အမြင့်ဆုံး မြို့ကြီး ၅ မြို့ထဲမှာ မြန်မာ့အိမ်နီးချင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်က ပြင်သစ်၊ ချက်၊ တရုတ်၊ အိန္ဒိယနိုင်ငံ မြို့ကြီးတွေနဲ့အတူ ပါဝင်နေတယ်လို့ ခရီးသွားအာမခံလုပ်ငန်းတခုဖြစ်တဲ့ Compare the Market အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြပါတယ်။
ခရီးသွားတဲ့အခါ မိမိရဲ့ ပတ်ဝန်းကျင်ကို သတိထားစောင့်ကြည့်တတ်တာဟာ အဖိုးတန်ဆုံး ခရီးသွားကျွမ်းကျင်မှုတွေထဲက တခု ဖြစ်သလို သင်ဟာ ခရီးစဉ်တခုကို ဘယ်လောက်ပဲ ပြီးပြည့်စုံအောင် စီစဉ်နိုင်ခဲ့ပါစေ၊ သင့်ရဲ့ ပိုက်ဆံအိတ်၊ နိုင်ငံကူးလက်မှတ်၊ ဒါမှမဟုတ် ဖုန်းပျောက်ဆုံးသွားတာမျိုး၊ ဒါမှမဟုတ် လိမ်လည်သူတွေကြောင့် ငွေအမြောက်အမြား ဆုံးရှုံးသွားတာမျိုး ကြုံရရင်တော့ အဲဒီအစီအစဉ်တွေအားလုံး ချက်ချင်း ပျက်စီးသွားနိုင်ပါတယ်။
ခါးပိုက်နှိုက်သမားတွေနဲ့ လိမ်လည်သူတွေဟာ ကမ္ဘာအနှံ့မှာ ရှိနေကြတာမှန်ပေမဲ့ တချို့နေရာတွေမှာတော့ တခြားနေရာတွေထက်ပိုပြီး သောင်းကျန်းလေ့ ရှိကြပါတယ်။ ဒါကြောင့် Compare the Market အဖွဲ့ဟာ ကမ္ဘာတဝန်းက လိမ်လည်သူတွေနဲ့ ခါးပိုက်နှိုက်သမား အများဆုံးရှိတဲ့ မြို့ကြီးတွေနဲ့ ကမ္ဘာလှည့်ခရီးသည် သွားရောက်မှုများတဲ့ နေရာတွေကို လေ့လာဆန်းစစ်ချက်တခု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီအဆင့်သတ်မှတ်ချက်ကို ပြုလုပ်ဖို့အတွက် အဖွဲ့ဟာ ကမ္ဘာ့မြို့ကြီး အတော်များများရဲ့ ရာဇဝတ်မှု ဖြစ်ပွားနိုင်ခြေအပေါ် လူတွေရဲ့ စိုးရိမ်ပူပန်မှု အခြေအနေကို အဓိကထား လေ့လာခဲ့သလို အစီရင်ခံစာမှာ မြို့တမြို့ချင်းစီရဲ့ အလှဆုံးနဲ့ လူကြိုက်အများဆုံး နေရာ ၁၀ ခုက ခရီးသွားတွေရဲ့ TripAdvisor မှတ်ချက်ပေးချက် ပေါင်း ၁,၀၀၀ တိုင်းမှာ ခါးပိုက်နှိုက်ခံရတာနဲ့ ခိုးယူခံရမှုအကြောင်း ထည့်သွင်း ပြောဆိုထားတဲ့ အကြိမ်ရေကို တွက်ချက်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် လူနေမှုဘဝ အရည်အသွေးနဲ့ ရာဇဝတ်မှု ကိန်းဂဏန်းတွေကို စုဆောင်း ဖော်ပြတဲ့ အွန်လိုင်းအချက်အလက်စနစ်တခုဖြစ်တဲ့ Numbeo က ရရှိတဲ့ ဒေတာအ ချက်အလက်တွေကိုလည်း အသုံးပြုထားပြီး ခရီးသွားတွေနဲ့ ဒေသခံတွေရဲ့ လု ယက်တိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့နှုန်းကိုပါ ထည့်သွင်းတွက်ချက်ထားတယ်လို့ ဆို ပါတယ်။
အဲဒီအချက်အလက်တွေကို ပျမ်းမျှညှိနှိုင်း တွက်ချက်ပြီးနောက် မြို့တမြို့ချင်းစီ အတွက် ခါးပိုက်နှိုက်မှုနဲ့ ခိုးယူမှု ကြုံတွေ့ရနိုင်ခြေ အမှတ်ကို စုစုပေါင်း အမှတ် ၁၀၀ ထဲကနေ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီဆန်းစစ်ချက်အရ ဘန်ကောက်မြို့ဟာ စုစုပေါင်းအမှတ် ၈၃ ဒသမ ၄၅ မှတ်နဲ့ လိမ်လည်မှုနဲ့ ခါးပိုက်နှိုက်မှု အများဆုံးမြို့အဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဒါပေမဲ့ အစီရင်ခံစာရဲ့ တွေ့ရှိချက်အရ ဘန်ကောက်မှာ လုယက်ခံရနိုင်ခြေအပေါ် ခရီးသည်တွေရဲ့ စိုးရိမ်စိတ်ကတော့ အတော်လေး နည်းနေသေးတယ်လို့ ဆိုပါတယ်။
ဒါဟာ ဒီဒေသကိုလာတဲ့ ခရီးသည်တွေအနေနဲ့ သတိမမူမိဘဲ ရိုးသွားတာကြောင့် ဖြစ်နိုင်သလို ဘန်ကောက်မြို့မှာက နှိုက်ပတ်ခံရတာထက်စာရင် တက္ကစီအငှားယာဉ်ဈေး ပိုတောင်းတာမျိုးလို လိမ်လည်မှုတွေက ပိုပြီး အဖြစ်များတာကို ပြသနေတာလည်း ဖြစ်နိုင်တယ်လို့ ထောက်ပြထားပါတယ်။
အထူးသဖြင့် ဘန်ကောက်က The Grand Palace နန်းတော်ကြီးဟာ မှတ်ချက် ပေါင်း ၁,၀၀၀ တိုင်းမှာ လိမ်လည်မှုနဲ့ ခါးပိုက်နှိုက်မှုအကြောင်း ပြောဆိုထားတဲ့ နှုန်း ၂၆ ဒသမ ၁၆ ကြိမ်အထိ ရှိနေတာမို့ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ ပစ္စည်းပစ္စယတွေကို အထူးပဲ ဂရုစိုက်ရမဲ့ နေရာတခု ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့ရဲ့ နောက်မှာတော့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က စုစုပေါင်းအမှတ် ၆၈ ဒသမ ၈၁ မှတ်နဲ့ ဒုတိယနေရာမှာ လိုက်နေပါတယ်။ ဒီအလင်းရောင် မြို့တော်ကြီးမှာတော့ လိမ်လည်တာထက်စာရင် ခါးပိုက်နှိုက်ခံရတာက ပိုပြီး အဖြစ်များတာကို တွေ့ရသလို လုယက်ခံရမှာကို စိုးရိမ်တဲ့နှုန်းကလည်း အတော်လေး မြင့်မားနေပါတယ်။
အချက်အလက်တွေအရ ပါရီမြို့က Basilique du Sacré-Cœur de Montmartre ဘုရားကျောင်းတော်ကြီးဟာ လိမ်လည်မှုနဲ့ ခိုးယူမှုတွေ အဖြစ်အများဆုံး နေရာတခု ဖြစ်ပါတယ်။
ချက်နိုင်ငံမြို့တော် ပရာ့ဂ်မြို့ကတော့ ခါးပိုက်နှိုက်မှုနှုန်း အတော်လေး မြင့်မားတာရယ်၊ ရာဇဝတ်မှုနဲ့ ပတ်သက်လို့ စုစုပေါင်း ပြောဆိုထားတဲ့နှုန်း ၆ ဒသမ ၅၁ ကြိမ်အထိ ရှိတာရယ်ကြောင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။
အဲဒီနောက်မှာတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့က နန်ကျင်းလမ်းနဲ့ အိန္ဒိယနိုင်ငံ အာဂရာမြို့က တာ့ဂျ်မဟာရ်ဂူဗိမာန်ကြီးတို့ရှိတဲ့ နေရာတွေကတော့ ခရီးသွားတွေ အနေနဲ့ လိမ်လည်မှုနဲ့ လုယက်မှု အန္တရာယ်တွေကို အထူးသတိထားရမဲ့ ထိပ်ဆုံး မြို့ကြီး ၅ မြို့စာရင်းထဲမှာ အသီးသီး ပါဝင်နေကြတာ ဖြစ်ပါတယ်။
Source: Travel and leisure










