DVB Logo
Home
မြန်မာသတင်း
ရွှေဘိုတွင် စစ်ကောင်စီတပ်က အရပ်သား ၄ ဦးကို သတ်ဖြတ်ပြီး ရွာမီးရှို့
DVB
·
November 12, 2025
ရွှေဘိုတွင် စစ်ကောင်စီတပ်က အရပ်သား ၄ ဦးကို သတ်ဖြတ်ပြီး ရွာမီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာတွေကိုမီးရှို့ပြီး အရပ် သား ၄ ယောက်ကို သတ်ဖြတ်သွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ နိုဝင်ဘာ ၁၀ ရက်နေ့မှာ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ကြပြီး တဂဏန်း၊ ဇီးတော၊ ဘုန်းဘွဲ့၊ နှောပင်ရွာတွေကို စစ်ကောင်စီတပ်က မီးရှို့သလို အရပ်သား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး တယောက်ကိုလည်း သတ်ဖြတ်သွားတာလို့ ဆိုပါတယ်။

ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “လုံခြုံရေးအရ ကျား၊ မပဲ ပြောပြရမှာပါ။ သတ်ခံထားရတဲ့ ပျက်စီးနေတဲ့ အလောင်းတွေကို နယ်မြေရှင်းလင်းရေး ဝင်ရောက်ချိန်မှာ ဒေသခံအဖွဲ့တွေနဲ့ အတည်ပြုနိုင်တာပါဗျ။ စစ်ကိုင်းတပ်မ ၃၃ က ရွှေဘို ခလရ ၄၂ မှာ အင်အားဖြည့်ပြီး ထိုးတာပါ။ တပ်မ ၃၃ ရောက်လာပြီး လူစသတ်တာပါ” လို့ DVB ကို ပြောပါတယ်။

ရွှေဘိုမြို့တောင်ဘက်အထွက် မုခ်ဦးမှာ အထိုင်ချ တပ်စွဲထားတဲ့ တပ်မ ၃၃ လက်အောက်ခံ စစ်ကြောင်းဟာ အင်အား ၂၀ ဝန်းကျင်နဲ့ ရွှေဘို-မန္တလေးလမ်းပိုင်း တဂဏန်းရွာထိပ်မှာ တပ်စွဲလို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်(PDO)တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ် (၁၊ ၂၊ ၃၊ ၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့တွေ၊ နယ်‌မြေခံ ပကဖတွေက နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းမှာ ဝင်တိုက်ခိုက်တယ်လို့ သိရပါတယ်။

တိုက်ပွဲဟာ ၁ နာရီဝန်းကျင် ကြာခဲ့ပြီး စစ်ကောင်စီတပ်တွေ အထိနာလို့ ရှားတောကျေးရွာဘက်ကို ထွက်ပြေးသွားပြီးနောက် ရွှေဘို-မန္တလေးလမ်းပိုင်းမှာ ထပ်ပြီး တိုက်ပွဲဖြစ်သလို တဂဏန်းကျေးရွာကို နယ်မြေရှင်းလင်းတာလည်း ရွာထဲက ဘုန်းကြီးကျောင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲထပ်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကို စစ်ကောင်စီတပ်စွဲထားတဲ့ ရွှေဘိုမြို့တောင်ဘက်အထွက် မုခ်ဦးကနေ ၆၀ မမ လက်နက်ကြီး၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တယောက် ကျဆုံးတယ်လို့ ဆိုပါတယ်။

အဲဒီနောက် တော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းတာမှာ အရပ်သား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီးတယောက် အလောင်းကို နှောပင်ရွာမှာ ရှာတွေ့ခဲ့တာလို့ သိရပါတယ်။

အဲဒီစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေဟာ အောက်တိုဘာ ၂ ရက်ကနေ နိုဝင်ဘာ ၁၀ ရက်အထိ တိုက်ပွဲ ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာတော့ ဝက်လက်မြို့နယ်၊ လှတောရွာဘက်ကို စစ်ကြောင်းထပ်ထိုးပြီး ရွာတွေကို ဆက်လက်မီးရှို့နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၆ ရက်က ရွှေဘို-မန္တလေးလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီစစ်ကြောင်းနဲ့ တိုက်ပွဲမှာတော့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ၇ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်မှာ တဂဏန်းရွာကို စစ်ကြောင်းထိုးလာတဲ့ အဲဒီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ကြပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူများလို့ စစ်ကြောင်းပျက်ပြီး ပြန်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးစံထွေး အပါအဝင် အပါအဝင် ၇ ယောက်သေပြီး တပ်ကြပ်ကြီးတယောက် အပါအဝင် စစ်မှုထမ်းတပ်သား ၄ ယောက်ကို အရှင်ဖမ်းဆီးခဲ့သလို ကာကွယ်ရေးရဲဘော် ၂‌ ယောက်လည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲကနေ စစ်ကောင်စီတပ်ရဲ့ MA 3 တလက်၊ MA1 တလက်၊ ၆၀ မမ ပြောင်းတိုတလက်၊ ကျည်ဘောက် ၃ ခု၊ ကျောလွယ်ဂျန်မာတစုံ၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ အာပီဂျီ ဗုံးသီး ၂ လုံးနဲ့ ၅.၅၆ ကျည် ၁၂၉ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ရွှေဘိုမြို့ ကညနရုံးနဲ့ အမှတ် ၂ ထောက်ပို့တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူတာကြောင့် ရွှေဘိုမြို့ မဟာအောင်မြေဘုန်းကြီးကျောင်းထဲ ကျရောက်ပေါက်ကွဲပြီး ကိုရင် ၄ ပါး ပျံလွန်တော်မူကာ သံဃာတော် ၇ ပါး လက်နက်ကြီးအစ ထိမှန်ဒဏ်ရာရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013