DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင် ကုန်စိမ်းဈေးထဲမှ အိုက်စ်မူးယစ်ဆေး ၅၀၀ ကီလိုဂရမ်နီးပါး ဖမ်းမိ
DVB
·
November 12, 2025
ချင်းမိုင် ကုန်စိမ်းဈေးထဲမှ အိုက်စ်မူးယစ်ဆေး ၅၀၀ ကီလိုဂရမ်နီးပါး ဖမ်းမိ
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်မြို့  တလတ်မိန်းမိုင် လက်လီလက္ကား ကုန်စိမ်းဈေးကြီးထဲကနေ ခြံထွက်သီးနှံထဲ ရောထည့်ထားတဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၄၉၆ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ အမှတ် ၅ တိုင်းဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့က မနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အမှတ် ၅ တိုင်းဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ နယ်မြေအုပ်ချုပ်ရေးနဲ့ အမေရိကန် မူးယစ်ဆေးဝါးနှိမ်နင်းရေးဌာန (DEA) က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ စုံစမ်းထောက်လှမ်းထားတဲ့ သတင်းအရ တလတ်မိန်းမိုင်ဈေးကြီး ကုန်တင်ကုန်ချ စခန်းတခုက ခြံထွက်သီးနှံတွေကို နိုဝင်ဘာ ၆ ရက် ညနေပိုင်းက သွားရောက်စစ်ဆေးခဲ့တယ်။

စစ်ဆေးရာမှာကားတစီးပေါ်က အာလူးခြင်းပေါင်း ၁၀၆ ခြင်းကို စစ်ဆေးရာမှာ ခြင်းပေါင်း ၆၂ ခြင်းထဲမှာ အိုက်စ်မူးယစ်ဆေးတွေ ပါရှိတယ်၊ အိုက်စ်အလေးချိန်ပေါင်း ၄၉၆ ကီလိုဂရမ်ကို အိတ်ပေါင်း ၄၉၆ အိတ်ထဲ ထည့်လာတာလို့ အမှတ် ၅ ခရိုင် မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးချုပ် နရစ် ဆွန်ဒစ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မူးယစ်ဆေးဝါးသယ်ဆောင်သူတွေဟာ အဆိုပါ မူးယစ်ဆေးတွေကို မယ်ဟောင်ဆောင်ခရိုင် ဘက်ကနေ သယ်ဆောင်လာတယ်၊ ထိုင်းနိုင်ငံအတွင်းပိုင်း ပထုန်ဌာနီ တလတ်ထိုင်း ဈေးကြီးကနေ တဆင့် အင်ဒိုနီးရှား၊ ဩစတြေးလျ၊ နယူးဇီလနေ၊ ထိုင်ဝမ်၊ ဟောင်ကောင်စတဲ့ တတိယနိုင်ငံတွေဆီ ဆက်လက်ပို့ဆောင်ဖို့ ဖြစ်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မောင်း နိုင်းဒနိုင်း ရှဲ့လီနဲ့ အပေါင်းပါ ၃ ယောက်ကို ဖမ်းဆီးထားတာမှာ သူတို့ကတော့ အဲဒီ အာလူးတွေကို မယ်ဟောင်ဆောင်ခရိုင်ဘက်က သယ်ဆောင်လာတာဖြစ်ပြီး စေခိုင်းသူမှာ မဲ့လိမ်းမြို့နယ် ပုန်ယိုင်းရွာက ဖြစ်တယ်၊ အထဲမှာ မူးယစ်ဆေးဝါးပါရှိမှန်း မသိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီမတိုင်ခင် လွန်ခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်က မယ်ဟောင်ဆောင်ခရိုင် ခုမ်ယုမ်းမြို့နယ်ထဲမှာ အမျိုးသားတယောက်ထံမှ အိုက်စ်မူးယစ်ဆေး ၆၀၀ ကီလိုဂရမ် ဖမ်းမိခဲ့တယ်၊ သူ့ကို စစ်ဆေးချက်အရ သူ့အမှုနဲ့ နောက်ထပ် မူးယစ်မှု ၃ မှုဟာ မုန့်တိုင်းရင်းသား နိုင်းကဝင်း ဒေါင်ဘွိုင်းဘော်ကယောက်နဲ့ ရွာသူကြီး ကပ်တန်တွိတို့နဲ့ ဆက်စပ်နေတယ်၊ ထောက်လှမ်းရေးတပ်ဖွဲ့က မသင်္ကာဘွယ်လူတွေနဲ့ သတင်းရထားသူတွေကို နောက်ယောင်ခံလိုက်ပြီး ခုလို ဈေးကြီးထဲ ဝင်ရောက်ဖမ်းဆီးလိုက်တာလို့ ရဲမှူးချုပ် နရစ် ဆွန်ဒစ်က ပြောသွားပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက် ၁ လနဲ့ ၁၁ ရက်အတွင်း ခရိုင် ၆ ခုရှိ မြို့နယ်ပေါင်း ၂၅ မြို့နယ်မှ စိတ်ကြွဆေးပြား သန်းပေါင်း ၅၀ နဲ့ အိုက်စ်မူးယစ်ဆေး အလေးချိန် ၁,၃၆၈ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်၊ ထိတွေ့ပစ်ခတ်မှုကြောင့် တရားခံ ၈ ယောက် သေဆုံးပြီး လူပေါင်း ၃၈ ယောက် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ရဲမှူးချုပ်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Source: NBT 11 News / Chiangmai News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013