
စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှာ နယ်မြေပိုစိုးမိုးဖို့ ကြိုးစားနေပြီး နိုဝင်ဘာ ၈ ရက်က စတင်ကာ မြို့ဝန်းကျင်မှာ စစ်ကြောင်းထိုးနေတာကြောင့် အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်က အင်အားရာချီနဲ့ လက်နက်ကြီး၊ လေကြောင်းပစ်ကူတွေကို ဆက်တိုက် အသုံးပြု စစ်ကြောင်းထိုးနေတာဖြစ်ပြီး ချောင်းဝနဲ့ သိုင်းချောင်းဘက်တို့မှာ တိုက်ပွဲပြင်းထန်နေတာလို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
“ချောင်းဝနဲ့ သိုင်းချောင်းဘက်မှာ ဖြစ်နေတာ။ ၈ ရက်နေ့က စဖြစ်တာ။ ခုတော့ စစ်ကြောင်းက ကွဲသွားပြီတော့ ပြောတယ်။ တိုက်ပွဲက ပြင်းထန်ပါတယ်။ လက်နက်ကြီးလည်းသုံးတယ်၊ လေကြောင်းလည်းသုံးတယ်။ နေဗီကနေလည်း ပစ်ကူပေးနေတယ်။ ဘယ်လိုလုပ်လုပ် သူတို့ဘက်ကတော့ အထိနာနေတယ်။”
ဒါ့အပြင် စစ်ကောင်စီဘက်က ပါရာမော်တာတွေကိုလည်း အသုံးပြုနေတယ်လို့ စစ်ရေးလေ့လာ သုံးသပ်သူ တယောက်ဖြစ်တဲ့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ကျောက်ဖြူမှာရှိနေတဲ့ ရတခ ၃၂ ဘက်ကိုလည်း အင်အားဖြည့်တင်းတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် ကျောက်ဖြူနဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ နေရာတွေကို ခြေကုပ်ယူပြီး နယ်မြေစိုးမိုးဖို့ ကြိုးစားနေတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ ကိုဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲလုပ်မယ်လို့ ကြေညာထားတဲ့ တခြားမြို့နယ်တွေမှာလည်း နယ်မြေစိုးမိုးနိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကြိုးစားနေပါတယ်။
ထက်အောင်










