
စစ်ကိုင်းတိုင်း၊ အညာတောင်ပေါ်စစ်မျက်နှာပြင် ၅ ခုနဲ့ မြေပြန့် စစ်မျက်နှာပြင် ၄ ခု စုစုပေါင်း ၉ ခုမှာ နိုဝင်ဘာ ပထမအပတ်ကတည်းက စစ်ကောင်စီက အင်အားတွေဖြည့်ပြီး ထိုးစစ်ဆင်လာနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မြေပြင်တိုက်ပွဲ ၉ ခုမှာ မြင်းခြံ ကျားမဲတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်အားဖြည့် တိုက်ပွဲဝင်နေပြီး ကျားမဲတပ်ရင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၄ ယောက် ကျဆုံးခဲ့တယ်လို့ MBT တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
“လောလောဆယ်မှာ အညာတောင်ပေါ် စစ်မျက်နှာပြင် ၅ ခုနဲ့ မြေပြန့် စစ်မျက်နှာပြင် ၄ ခု စုစုပေါင်း စစ်မျက်နှာပြင် ၉ ခုမှာ တပြိုင်တည်း တိုက်ပွဲတွေ ဖြစ်ပွားနေပြီး MBT တော်လှန်ရေးတပ်ဖွဲ့ဝင် ၂၄ ဦး စစ်မြေပြင်မှာ အသက်ပေးဆပ်ထားရတယ်။ အဓိကတော့ တိုက်ပွဲဖြစ်တာများတဲ့ နေရာတွေကို နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ကူရုန်းပေးနေတဲ့ သဘောမျိုးပါ။ အကောင်းဆုံးတော့ ကျနော်တို့ Myinyan Black Tiger တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ အတတ်နိုင်ဆုံးတော့ ကြိုးစားနေတယ်။ ဒီရက်ထဲမှာက တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတော့ အသက်ပေးဆပ်ရတာတွေ အနည်းငယ်တော့ ရှိတယ်။ လုံခြုံရေးအရ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကိုတော့ အတိအကျ ဖော်ပြလို့မရတာ။”
အညာဒေသမှာရှိတဲ့ နေရာအတော်များများမှာ စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပြီး လေကြောင်းရန် သတိပြုကြဖို့ကိုလည်း တော်လှန်ရေး အင်အားစုတွေက သတိပေးနေပါတယ်။










