DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်တွင် စစ်သား ၁ ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်၊ ၂ ဦး အရှင်ဖမ်းမိ
DVB
·
November 11, 2025
ပေါက်မြို့နယ်တွင် စစ်သား ၁ ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်၊ ၂ ဦး အရှင်ဖမ်းမိ
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကနေ ထွက်ပြေးလာကြသူတွေထဲက ၂ ယောက်ကို လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၁ ရက်မှာ အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး တယောက်ကတော့ လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၉ ရက်နေ့မှာ အလင်းဝင်ရောက် ပူးပေါင်းလာတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပေါက်မြို့နယ် ပကဖ) ဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက “ထွက်ပြေးလာကြတဲ့ ၃ ယောက်မှာ ၂ ယောက်ကတော့ လက်နက်ခဲယမ်းတွေနဲ့ အရှင်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ တယောက်ကတော့ သူ့ဆန္ဒအလျောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပေါက်မြို့နယ်တောင်ပိုင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် ပကဖ တာဝန်ရှိသူက “ဆိပ်ဖြူမြို့နယ်အခြေစိုက်တဲ့ ကပစ ၂၂ ထဲကနေ တပ်ရင်း ၃ ရင်းပေါင်း အင်အား ၃၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာ ၁၀ ရက်ကျော်ရှိနေပြီ။ အဲဒီထဲကနေ ပထမထွက်ပြေးလာတဲ့ ၂ ယောက်က ခမရ ၁၀၉ တပ်ရင်းက တပ်သားအဆင့် တယောက်နဲ့ ခမရ ၄၁၉ တပ်ရင်းက တပ်သား တယောက်တို့ကိုတော့ သူတို့ ထွက်ပြေးလာတဲ့ လမ်းကြောင်းမှာ ကျနော်တို့ ရဲဘော်တွေနဲ့ တွေ့ပြီး အရှင်ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ အလင်းဝင်လာတဲ့သူကတော့ ခမရ ၁၄ (ကျောက်ဆည်) တပ်ရင်းကနေ စစ်သင်တန်းဆင်းလာတဲ့ တပ်သားသစ်တယောက် ဖြစ်ပါတယ်။ အရှင်ဖမ်းမိသူ ၂ ယောက်ကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီးတော့ အလင်းဝင်လာသူကိုတော့ လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။

အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဆီကနေ RPG ၁ လက်၊ အဖူး ၄ ဖူး၊ MA 4 သေနတ် ၁ လက်၊ 40 mm အသီး ၁၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ 5.56 ကျည် အတောင့် ၁၀၀၊ G3 ကျည် ၁၉ တောင့်တို့ သိမ်းဆည်းရရှိခဲ့ပြီး အလင်းဝင်ရောက်လာတဲ့ တပ်သားသစ်ကတော့ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်၊ 5.56 ကျည်အတောင့် ၁၀၀၊ အီနာဂါ​ဗုံး ၁ လုံး၊ လက်ပစ်​ဗုံး ၁ လုံးနဲ့ RPG အဖူး ၁ ခုတို့ ယူဆောင်လာတယ်လို့ ဆက်ပြောပါတယ်။

ပြည်သူလူထု ထောက်ခံမှုမရှိတဲ့ စစ်တပ်လက်အောက်မှာ ကျန်ရှိနေကြတဲ့ တပ်ဖွဲ့​ဝင်တွေ အနေနဲ့လည်း အမြန်ဆုံး အလင်းဝင်ရောက် ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ် ပကဖဟာ ဒေသအတွင်း စစ်ရေးတွေကို အရှိန်အဟုန် တိုးမြှင့်လုပ်ဆောင်တော့မှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်မယ့် လေကြောင်းရန်ကာကွယ်ရေး အစီအမံတွေကို အထူးပြုလုပ်ထားကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထုတ်ပြန်တဲ့ လေကြောင်းရန် သတိပေးချက်တွေကို အတိအကျ လိုက်နာကြဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013