
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို အောက်တိုဘာလကုန်ပိုင်းကစပြီး စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ၂၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။
ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဝက်လက်နယ်ထဲကို စစ်တပ်ဘက်ကနေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ဝင်ရောက်နေတာဖြစ်လို့ ရွှေဘိုနဲ့ ဝက်လက်ကြားထဲက ကျေးရွာတွေအပြင် ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူ ၂၀,၀၀၀ ကျော်လောက် စစ်ဘေးရှောင်နေရတာ ၁၀ ရက်ကျော် ရှိနေပါပြီ။ တချို့တွေကတော့ တခြားရွာတွေက ဆွေနီးမျိုးစပ်သူတွေဆီ သွားကြပေမဲ့ အများစုကတော့ ဖြစ်သလို စစ်ဘေးရှောင်နေကြရတယ်။ အဲဒါကြောင့် သူတို့တွေအတွက် စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတာပါ။ အဓိကကတော့ ဆန်နဲ့ဆီတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် လှူဒါန်းလိုသူတွေအနေနဲ့လည်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေကြတဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။
ဝက်လက်မြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုအလင်းရောင်က “ရန်သူစစ်ကြောင်းတွေက မြို့အရှေ့ဘက်ခြမ်းမှာ တကြောင်းရှိတယ်။ အနောက်ဘက်ခြမ်းမှာ ၃ ကြောင်း ရှိတယ်။ စုစုပေါင်း ရန်သူစစ်ကြောင်း ၄ ကြောင်းပေါ့။ အင်အားတွေကတော့ တကြောင်းကို ၁၂၀ လောက် ပါတယ်။ ဝက်လက်နယ် အနောက်ခြမ်းကရွာတွေ ရွှေဘို-မန္တလေး ကားလမ်းတလျှောက်က ရွာတွေ အားလုံးနီးပါး စစ်ဘေးရှောင်နေကြရတယ်။ စစ်ဘေးရှောင်တွေရဲ့ ရွာတွေကိုလည်း ရန်သူ့ဘက်က မီးရှို့ဖျက်ဆီးတာတွေ ရှိတယ်။ သူတို့ဘက်က စစ်ကြောင်းမထိုးခင် ပြီးခဲ့တဲ့လ ဒုတိယပတ်လောက်ကတည်းက ထိတွေ့တိုက်ပွဲတွေ ရှိနေတာ။ အခုထိလည်း တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်နေတုန်းပဲ။ တိုက်ပွဲသတင်း အသေးစိတ်ကိုတော့ နောက်မှ ထုတ်ပြန်ပေးပါမယ်။ တိုက်ပွဲတွေတိုင်းမှာတော့ သူတို့ဘက်က အထိနာတယ်” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး ဝက်လက်မြို့ပေါ်မှာလည်း အင်အားတွေ တိုးမြှင့်ချထားနေသလို ဝက်လက်မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းတွေမှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွေဟာ နိုဝင်ဘာ ၅ ရက်ကစပြီး ဝက်လက်မြို့ အနောက်ခြမ်းမှာရှိတဲ့ ရွာတော်ကုန်း၊ တမာကုန်း၊ တံတားဦး၊ ထုံးဘို၊ မူးကြီး၊ တံတားညီနောင် စတဲ့ကျေးရွာတွေနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းမှာရှိကြတဲ့ ကျေးရွာတွေက လူနေအိမ်တွေအပြင် စစ်ရှောင်တဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်ထဲကို မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်တာတွေပါ ရှိနေလို့ ဝက်လက်မြို့နယ်အတွင်းက ဒေသခံပြည်သူတွေအပြင် စစ်ဘေးရှောင်တွေအနေနဲ့ သတိရှိရှိ သွားလာနေထိုင်ကြဖို့လည်း တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










