
ထိုင်ဝမ်ဟာ အထီးကျန်မဟုတ်တဲ့အပြင် ကမ္ဘာတဝန်းမှာပါ မိတ်ဆွေတိုးပွားနေပြီဖြစ်ကြောင်း သံတမန်ရေး ခရီးစဉ်အဖြစ် ဥရောပသွားရောက်ခဲ့တဲ့ ဒုတိယသမ္မတ ရှောင်ဘီခင်မ်က ပြောပါတယ်။
တရားဝင် သံတမန်ဆက်ဆံရေးမရှိတဲ့ ဥရောပ အပါအဝင် တခြားနိုင်ငံတွေကို ထိုင်ဝမ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ သွားရောက်လေ့ရှိပေမဲ့လည်း ဒု-သမ္မတလိုမျိုး အဆင့်မြင့်အရာရှိ တယောက်ရဲ့ ခရီးစဉ်ကတော့ အတော်လေးရှားပါတယ်။
ဒါဟာ တရုတ်ပြည်မကြီးက အိမ်ရှင်အဖြစ် လက်ခံတဲ့နိုင်ငံကို လက်တုံ့ပြန် အရေးယူတာမျိုး ပြုလုပ်လေ့ရှိတဲ့အလျောက် ရှောင်ရဲ့ ဥရောပခရီးစဉ်ဟာ သမိုင်းဝင် ဖြစ်လာခဲ့ပါတယ်။
ဘယ်လ်ဂျီယမ်မြို့တော် ဘရပ်ဆဲလ်မှာ ကျင်းပခဲ့တဲ့ ပါလီမန်တွင်း မဟာမိတ်အဖွဲ့ရဲ့ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးကို ဒု-သမ္မတ ရှောင်က တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့တာပါ။
အဲဒီနောက် တနင်္ဂနွေနေ့မှာ နေရပ်ပြန်ရောက်လာတဲ့ ဒု-သမ္မတက ထိုင်ဝမ်ရဲ့ နိုင်ငံတကာရေးရာ အခြေအနေဟာ အလွန်ခက်ခဲနေကြောင်း သတင်းထောက်တွေကို မှတ်ချက်ပြုပါတယ်။
ဒါပေမဲ့လည်း ထိုင်ဝမ်ဟာ နိုင်ငံတကာအသိုက်အဝန်းမှာ ပါဝင်ကိုယ်စားပြုခွင့် ရှိသင့်တာကြောင့် ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး ဆိုပြီး ဖြည့်စွက်ပြောပါတယ်။
ဥရောပသမဂ္ဂ (EU) ဆိုင်ရာ တရုတ်မစ်ရှင်အဖွဲ့ကတော့ ဒါဟာ ပြည်တွင်းရေးမှာ အကြီးအကျယ် ဝင်ရောက်စွက်ဖက်တာ ဖြစ်တယ်ဆိုပြီး ရှောင်ရဲ့ခရီးစဉ်ကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒါ့အပြင် တရုတ်နဲ့ EU ကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်တယ်လို့ပါ သတိပေးထားပါတယ်။
တရုတ်ပြည်မကြီးက ထိုင်ဝမ်ကို ပိုင်နက်နယ်မြေအဖြစ် ရှုမြင်ထားတဲ့အပြင် အဲဒီကျွန်းနဲ့ “ပြန်လည်ပေါင်းစည်းနိုင်အောင်” အင်အားသုံးဖို့အတွက်ပါ ဘယ်သောအခါမှ ငြင်းပယ်ခဲ့တာမျိုး မရှိပါဘူး။
ထိုင်ဝမ်အစိုးရကတော့ တခြားနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံပိုင်ခွင့်ရှိကြောင်း တုံ့ပြန်ထားပြီး တရုတ်ဟာ ကျွန်းနိုင်ငံကို ပိုင်ဆိုင်ကြောင်း ပြောပိုင်ခွင့်မရှိသလို တိုင်ပေရဲ့ လုပ်ဆောင်ချက်တွေ အပေါ် အမိန့်ပေးပိုင်ခွင့်လည်း မရှိဘူးလို့ ဆိုပါတယ်။
ဒါကြောင့် လက်ရှိ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်နဲ့ သူ့အစိုးရအဖွဲ့ကို “ခွဲထွက်ရေးသမား” အဖြစ် သတ်မှတ်ပြီး တရုတ်အစိုးရဘက်က ဆွေးနွေးပြောဆိုဖို့အတွက် ငြင်းဆန်ထားပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာလတုန်းက ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်ချီယာ လောင်းဟာ ဥရောပကို နှစ်ကြိမ်တိတိ သွားရောက်ခဲ့ရာမှာ ချက်၊ ပိုလန်၊ အီတလီနဲ့ ဩစတြီးယား စတဲ့နိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ထိုင်ဝမ်ဟာ ဥရောပတိုက်မှာ ဗာတီကန် တနိုင်ငံတည်းနဲ့သာ တရားဝင် သံတမန်ဆက်ဆံရေး ရှိထားတာ ဖြစ်ပါတယ်။










