DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားသမ္မတ အယ်လ်ရှာရာ အိမ်ဖြူတော်၌ ထရမ့်ပ်နှင့် တွေ့ဆုံမည်
DVB
·
November 10, 2025
ဆီးရီးယားသမ္မတ အယ်လ်ရှာရာ အိမ်ဖြူတော်၌ ထရမ့်ပ်နှင့် တွေ့ဆုံမည်
Donate to DVB

အထူးတလည် သတ်မှတ်ထားတဲ့ ကမ္ဘာ့အကြမ်းဖက်သမား (SDGT) အဖြစ်ကနေ အမေရိကန်က ရုပ်သိမ်းပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဆီးရီးယားသမ္မတ အာမက်အယ်လ်ရှာရာဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ အိမ်ဖြူတော်မှာ နိုဝင်ဘာ ၁၀ ရက်နေ့ တွေ့ဆုံဖို့ ဝါရှင်တန်ကို ရောက်ရှိနေပါတယ်။

အယ်လ်ရှာရာ ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုက ဘာရှားအာဆတ် အစိုးရကို ဖြုတ်ချခဲ့ပြီး ၁၁ လအကြာမှာ တချိန်က အစ္စလာမ္မစ် စစ်သွေးကြွအဖြစ် သတ်မှတ်ခံရသူဟာ အိမ်ဖြူတော်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် လာရောက်နိုင်ခဲ့တာပါ။

သူ ဝါရှင်တန်ကို မရောက်မီ နာရီပိုင်းအလိုမှာ ဆီးရီးယားထောက်လှမ်းရေးက IS အဖွဲ့ဝင်လို့ သံသယရှိသူ ၇၁ ယောက်ကို လက်နက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ဆီးရီးယားမှာ IS အကြွင်းအကျန်တွေ ရှင်းလင်းရေးဟာ ထရမ့်ပ်နဲ့ အယ်လ်ရှာရာတို့ရဲ့ ဆွေးနွေးမှုမှာ အဓိကအကြောင်းအရာ ဖြစ်လာဖို့ ရှိနေပါတယ်။

အာဆတ်လက်ထက် နိုင်ငံတကာက အထီးကျန်ဖြစ်ခဲ့ရပြီးနောက် အယ်လ်ရှာရာဟာ နိုင်ငံတကာ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ပြီး စက်တင်ဘာလ ကုလသမဂ္ဂညီလာခံမှာ ပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီအပတ်ထဲမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သလို နိုဝင်ဘာ ၇ ရက်နေ့မှာ အယ်လ်ရှာရာနဲ့ သူ့ရဲ့ ပြည်ထဲရေးဝန်ကြီးကို အစွန်းရောက်စာရင်းကနေ အမေရိကန်က ပယ်ဖျက်ပေးခဲ့ပါတယ်။

အယ်လ်ရှာရာဟာ HTS အဖွဲ့ကို မိုဟာမက်အယ်လ်ဂျော်လာနီ ဆိုတဲ့နာမည်နဲ့ ဦးဆောင်ခဲ့စဉ်က အယ်လ်ကေးဒါးနဲ့ ဆက်စပ်မှုရှိခဲ့ပြီး အမေရိကန်ရဲ့ ဆုကြေး ဒေါ်လာ ၁၀ သန်း ထုတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ထရမ့်ပ်ဟာ အယ်လ်ရှာရာကို ပြီးခဲ့တဲ့ မေလက ရီယာ့ဒ်မြို့မှာ တွေ့ဆုံခဲ့ဖူးပါတယ်။

သမ္မတသစ်ဟာ ဆီးရီးယားလူမျိုးစုအားလုံးရဲ့ ထောက်ခံမှု ရရှိနိုင်မယ့် သဘောထားပျော့ပြောင်းတဲ့ အစိုးရမျိုး ဖြစ်စေရမယ်လို့ ကတိခံထားပါတယ်။

ဒါပေမဲ့ မကြာသေးခင်က အာဆတ်ရဲ့ မျိုးနွယ် လူနည်းစု အလာဝိုက်တွေကို ဥပဒေပ သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့အတူ လူမျိုးစု ပဋိပက္ခတချို့ ပေါ်ပေါက်ခဲ့တာကြောင့် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013