DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌ တိုက်ပွဲပြင်းထန်ပြီး ပိတ်မိပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့ ကယ်ထုတ်
DVB
·
November 10, 2025
ဘုတလင်မြို့နယ်၌ တိုက်ပွဲပြင်းထန်ပြီး ပိတ်မိပြည်သူများကို တော်လှန်ရေးတပ်ဖွဲ့ ကယ်ထုတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အနောက်ဘက်ခြမ်းမှာ နိုဝင်ဘာ ၉ ရက်အထိ စစ်ကောင်စီစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေကာ တိုက်ပွဲအတွင်း ပိတ်မိနေကြတဲ့ ပြည်သူတွေကို တော်လှန်ရေးရဲဘော်တွေက ကယ်ထုတ်ပေးခဲ့ပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူ ၂,၀၀၀ ကျော်ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Budalin Defense Force ရဲ့ ပြန်ကြားရေးတာဝန်ခံက “ဘုတလင်အနောက်ခြမ်းက ဇီးတောရွာမှာ တပ်စွဲနေပြီး အဲဒီရွာဝန်းကျင်ကို စစ်ကြောင်း​ထိုးနေတဲ့ ရန်သူ အင်အား ၁၂၀ လောက် စစ်ကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေအတွင်းမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကျနော်တို့ရဲဘော်တွေက အတတ်နိုင်ဆုံး ကယ်ထုတ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က  သေဆုံးဒဏ်ရာရသူ အများအပြား ရှိနေပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလို့ အသေးစိတ်ကို မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေဟာ အောက်တိုဘာ ၂၈ ရက်ကစပြီး ဘုတလင်မြို့နယ် အနောက်ခြမ်းက ဇီးတောကျေးရွာမှာ အထိုင်ချ တပ်စွဲနေပြီးနောက်ပိုင်း အနီးအနား ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် နိုဝင်ဘာ ၉ ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “တိုက်ပွဲတွေဖြစ်နေလို့ ပိတ်မိနေကြတဲ့ အရှေ့ကံရွာ၊ ဇီးတော(န)ရွာ၊ သရက်တိုရိုးရွာ၊ ရွှေချောင်းလည်ရွာတွေကနေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကယ်ထုတ်လာကြတဲ့ ပြည်သူတွေ အပါအဝင် စစ်ဘေးရှောင် ၂,၀၀၀ ကျော် ရှိနေတယ်။ စစ်ဘေးရှောင် ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်ကတော့ စားနပ်ရိက္ခာတွေ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတွေကို ကျနော်တို့ လူသားစာနာဘက်ကလည်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးနေပေမဲ့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့လတွေအတွင်း ဘုတလင်မြို့နယ်ထဲကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့်လည်း စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ကျော်အထိ မြင့်တက်နေတယ်လို့ သိရပါတယ်။

စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေတဲ့ ဘုတလင်မြို့နယ်မှာ ရွေးကောက်ပွဲ ဒုတိယပိုင်းအနေနဲ့ ကျင်းပမယ်လို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပေမဲ့ ပြည်သူတွေဘက်ကတော့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013