
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဇူလိုင် ၈ ရက်ကနေ ၁၂ ရက်အထိ ၅ ရက်အတွင်း ပြည်သူ ၁၅၀ ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မြို့ခံတယောက်က “မုံရွာမှာ ၅ ရက်အတွင်း ပေါ်တာဆွဲခံရတဲ့ လူကြီး၊ လူငယ် အယောက် ၁၅၀ ကျော် ရှိတယ်။ ပေါ်တာဆွဲခံရတဲ့သူတွေကို အမှတ် ၂ ရဲစခန်းနဲ့ စုပေါင်းရုံးတွေမှာ ယာယီထိန်းသိမ်းထားပြီးတော့ ၁၃ ရက်နေ့မှာတော့ ပေါ်တာဆွဲခံထားရသူတွေ အားလုံးကို နမခ ထဲကို ကားတွေနဲ့တင်ပြီး ပို့လိုက်ကြတယ်။ တခုပြောချင်တာကတော့ အာဏာရှင်မပြုတ်သေးသမျှ နေ့ရှိသရွေ့ ပြည်သူတွေ ပေါ်တာဆွဲခံနေရမှာပါ” လို့ ပြောပါတယ်။
မုံရွာမြို့ပေါ် အမှတ် ၁ ရဲစခန်း၊ မုံရွာစက်မှုဇုန် ၁ အမှတ် ၂ စခန်း၊ ကျောက္ကာလမ်းဘေးအနီးက ရဲတိုင်းရုံးတွေကနေ စစ်အာဏာရှင်တပ်သားနဲ့ ရဲတွေ ထွက်လာပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးတာတွေအပြင် ရဲကားနဲ့ အိမ်စီးကားတွေ အသုံးပြုပြီး မနက်စောပိုင်းနဲ့ ညနေပိုင်းတွေမှာ ကမ်းနားလမ်း၊ ပြည်ထောင်စုလမ်းပေါ်၊ ထန်းတော ရွှေဝါရောင်လမ်း၊ စက်မှုဇုန်အေးရိပ်သာလမ်း၊ အောင်မဟာလမ်း၊ သမ္မစိတ္တလမ်း၊ ဗိုလ်ချုပ်လမ်း၊ အာဇာနည်လမ်း၊ ပေ ၈၀ လမ်း၊ သာစည်လမ်း၊ ကျောက္ကာလမ်း၊ အမြင့်လမ်း၊ ဗိုလ်တေဇလမ်း၊ စက်မှုဇုန် ၁၊ စက်မှုဇုန် ၂ နဲ့ နန္ဒဝန်ရပ်ကွက်တွေကို နေ့တိုင်းနီးပါး လှည့်လည်ကာ ပြည်သူတွေကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အမျိုးသားတွေကို အသက်အရွယ် အကန့်အသတ်မထားဘဲ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
မုံရွာမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တယောက်က “ပေါ်တာဆွဲတဲ့ကောင်တွေက မြို့ပေါ်မှာပဲ ပတ်ဆွဲရဲတာ။ မြို့ပြင်မထွက်ရဲဘူး။ မနက်စော အလုပ်သွား၊ ညနေအလုပ်ပြန်တဲ့ အချိန်တွေကို အဓိကထား ဆွဲနေတာ။ ကျနော်တို့ကြားထားတဲ့ သတင်းတွေအရဆိုရင် ရှမ်းမြောက်ဘက်၊ ကရင်နီ၊ ချင်း၊ ရခိုင်ဘက်တွေနဲ့ ဒီ အလယ်ပိုင်း မြို့နယ်တွေထဲမှာ စစ်ဆင်ရေးတိုက်ပွဲတွေ တချိန်တည်းဖြစ်နေတော့ အင်အားလိုအပ်လို့ ပေါ်တာ တရကြမ်း ဆွဲနေတာလို့လည်း သိရတယ်။ စစ်မြေပြင်က တိုက်ပွဲတွေထဲမှာ အသေအပျောက် အများဆုံးကလည်း အဲဒီ ပစ တွေပဲ။ အခုဆွဲနေတာက အသက်အရွယ် အပိုင်းအခြား မရှိတော့ဘူး။ ဆေးစစ်လို့အောင်ရင် သင်တန်း တန်းပို့နေတာ။ ဆေးကျရင်တော့ ပြန်လွှတ်တယ်လို့ ကြားတယ်။ အခုလည်း သူတို့ကို နမခ ထဲကနေတဆင့် စစ်ကိုင်း တပ်မ ၃၃ ကိုပို့ပြီး စစ်သင်တန်းပေးဦးမှာ။ အခု မုံရွာမှာ ဖြစ်နေတာကတော့ ပေါ်တာဆွဲခံရတဲ့သူကို ပြန်ထုတ်ချင်ရင် တယောက်ကို သိန်း ၃၀၀ အထိ ပေါက်နေတယ်။ ပြန်ထုတ်ချင်လို့ ထွေအုပ်တို့လို နီးစပ်ရာတွေကို ပိုက်ဆံပေးလိုက်ပြီးမှ ပေါ်တာဆွဲခံရတဲ့သူက သင်တန်းပါသွားလို့ လူလည်းပြန်ထုတ်မရ၊ ပိုက်ဆံလည်းဆုံးတဲ့ ဖြစ်စဥ်တွေလည်း မကြာခဏဖြစ်နေတယ်” လို့ DVB ကို ပြောပါတယ်။
မုံရွာမြို့မှာ စစ်အာဏာရှင်က နေ့တိုင်း အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတာကြောင့်လည်း လက်လုပ်လက်စား ဒေသခံပြည်သူတွေအနေနဲ့ အိမ်ပြင်မထွက်ရဲကြဘဲ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ စစ်သင်တန်းအပတ်စဥ် ၂၆ ကို ဖွင့်လှစ်ကာ စစ်သင်တန်း ပို့ချခဲ့ပြီးနောက် စစ်သင်တန်းအပတ်စဥ် ၂၇ ကို ဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်သူတွေကို မတရားပေါ်တာဆွဲ ဖမ်းဆီးနေတာလို့လည်း သိရပါတယ်။










