
စစ်ကောင်စီက စပါးအထွက်တိုးဖို့နဲ့ နွေစပါးစိုက်ဧကတိုးဖို့ပြောနေပေမဲ့ တဖက်မှာတော့ စစ်မှုထမ်းတွေနေထိုင်ဖို့ရည်ရွယ်တဲ့ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာအတွက် လယ်တွေကို လျော်ကြေးမပေးဘဲ ဆက်လက်သိမ်းယူနေပါတယ်။
ရန်ကုန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်က စပါးစိုက်ပျိုးလက်စ လယ်မြေတွေကို စစ်တပ်ရဲ့ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းအိမ်ရာ တိုးချဲ့ဖို့အတွက် ဆက်လက်သိမ်းယူနေပြီး လတ်တလောအသုံးမပြုသေးတဲ့ လယ်မြေတွေကိုတော့ စစ်တပ်ကိုငှားခပေးပြီး လယ်ပြန်လုပ်နေရတယ်လို့ လယ်သမားတွေဆီက သိရပါတယ်။
လယ်သိမ်းခံရသူလယ်သမားတယောက်က “ဟိုတုန်းက ဘိုးစဥ်ဘောင်ဆက်လယ်တွေ။ အခုနိုင်ငံတော်ကနေပြီးတော့ သိမ်းထားတဲ့အကွက်တွေကို လယ်သမားဖယ်ခိုင်းပြီးတော့ သူတို့ဘာသာ ရောင်းစားတယ်။ အဲဒီတော့ လယ်သမားက လယ်ရှုံးလို့နစ်နာတာတမျိုး၊ လယ်ပွဲက လျော်ကြေးမရဘဲနဲ့ ခုလိုအဲ့လိုဖြစ်တော့ လယ်သမားပိုဆိုးတာပေါ့။ အခုအကုန်လုံးတော့ မောင်းထုတ်နေတယ်။ ကျူးကျော်ကွက်တွေရော ဘာကွက်တွေ ညာကွက်တွေ လုပ်နေတော့ လယ်သမားက အကုန်ရှုံးတယ်”လို့ ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီက မိုးစပါးအထွက်နှုန်း တင်း ၁၀၀ အထိတိုးဖို့ နွေစပါးစိုက်ဧကကို မူလထက် ဧက ၂ သန်းကနေ ၃ သန်းအထိ ထက်ဝက်တိုးဖို့ အသံကောင်းဟစ်နေပေမဲ့ ရည်ညွှန်းစပါးဈေးကို တောင်သူအကျိုးအမြတ်မရှိတဲ့ဈေးအထိ လျှော့ချပစ်တာတွေ ဆောင်ရွက်နေ ပါတယ်။
တနှစ်ထက်တနှစ် စပါးစိုက်ပျိုးဖို့မဖြစ်နိုင်တော့လောက်တဲ့အခြေအနေကို လယ်သိမ်းခံထားရပြီး စစ်တပ်ကိုသီးစားခပေးကာ ပြန်လည်စိုက်ပျိုးနေရတဲ့ တောင်ဒဂုံစိုက်မွေးရပ်ကွက်က လယ်သမား တယောက်က ပြောပါတယ်။
“သူတို့သတ်မှတ် ရည်ညွှန်းဈေးသတ်မှတ်ပေးတာနဲ့ ကျနော်တို့ လက်ရှိလယ်သမားတွေနဲ့ကျတော့ ထွက်မှာနဲ့က အခု မိုးဖျက်တာနဲ့ ၄၀ လောက်ပဲသီးသေးတယ်။ အများဆုံးရမှ ၄ သိန်းပဲ။ ကုန်ကျစရိတ်က ၇ သိန်းလောက်ကုန်ထားတာဆိုတော့ ရှုံးသွားပြီလေ။ ရှုံးတော့ ဒီလိုစပါးဈေးက နွေကျရင် သတ်မှတ်ပေးမလား။ ထပ်မြှင့်ပေးမလား။ လက်ရှိကတော့ ၁၁ သိန်းနဲ့ဆိုတော့ ကျနော်တို့ နွေသီးပေါက်ရင်တော့ စပါးစိုက်တဲ့ ဦးရေနည်းသွားကြမယ်။”
စစ်တပ်က မြန်မာ့သားကောင်းစစ်မှုထမ်းအိမ်ရာ(လေးထောင့်ကန်)ကို ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ဆေးရုံ၊ စာသင်ကျောင်း၊ ရှော့ပင်းစင်တာတွေနဲ့ စစ်မှုထမ်းဟောင်းမြို့အဖြစ် ရည်ရွယ်ဆောက်လုပ်နေတာ ဖြစ်ပါတယ်။
ဒီအိမ်ရာဟာ စစ်မှုထမ်းဟောင်းအိမ်ရာလို့ ဆိုပေမဲ့ နေထိုင်သူအများစုက တိုက်ပွဲဝင်ရင်းကျဆုံး သွားတဲ့ စစ်သားတွေရဲ့ ဇနီးမယားတွေ အများဆုံးနေထိုင်ကြတာကြောင့် မုဆိုးမအိမ်ရာလို့လည်း ခေါ်ကြပါတယ်။
ဧက ၁,၄၀၀ ကျော်သိမ်းယူထားတဲ့ အဲဒီအိမ်ရာမှာ တိုက်ခန်းပေါင်း ၄,၀၀၀ နီးပါးရှိပြီး ဒီအိမ်ရာကို တိုက်ပွဲကျ စစ်သားတွေရဲ့ ဇနီးမယားတွေနဲ့ မိသားစုဝင်တွေ တသုတ်ပြီးတသုတ်ရောက်လာတာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အခန်းလွတ်မရှိသလောက် ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အဆောက်အအုံအသစ်တွေကို ဆက်လက်တိုးချဲ့ ဆောက်လုပ်နေပြီး လယ်သိမ်းခံ လယ်သမားတွေမှာတော့ အမြတ်မရှိတဲ့စပါးကို သီးစားခပေးပြီး ပြန်လည်စိုက်ပျိုးနေတာကလွဲလို့ စားဝတ်နေရေးနဲ့ အသက်မွေးလုပ်ငန်းတွေအတွက် ဆောင်ရွက်နိုင်တာ မရှိပါဘူး။










