DVB Logo
Home
Lead Story

အကွက်ရိုက်ရောင်းချမှုကို အရေးမယူသဖြင့် မန်းဝန်ကြီးချုပ်နှင့် စစ်အာဏာရှင်သမ္မတရုံးအကြား အားပြိုင်မှုဖြစ်

DVB
·
November 24, 2026
မန်းမြင့်မိုရ်ဟိန်းကုမ္ပဏီ ရုံးချုပ်သစ်ဖွင့်ပွဲ တက်ရောက်နေသည့် မန္တလေးဝန်ကြီးချုပ် ဦးမျိုးအောင်။ (Photo: MOI)
မန်းမြင့်မိုရ်ဟိန်းကုမ္ပဏီ ရုံးချုပ်သစ်ဖွင့်ပွဲ တက်ရောက်နေသည့် မန္တလေးဝန်ကြီးချုပ် ဦးမျိုးအောင်။ (Photo: MOI)
Donate to DVB

မန္တလေးက လယ်ယာမြေတွေပေါ်မှာ အကွက်ရိုက်ရောင်းချနေကြသူတွေကို ဖော်ထုတ်အရေးယူဖို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ထံ လမ်းညွှန်မှာကြားချက်ဟာ ၄ လကျော်အထိ အကောင်အထည်ပေါ်မလာသေးလို့ စစ်အာဏာရှင်သမ္မတရုံးဘက်က စောင့်ကြည့်နေတယ်လို့ နေပြည်တော် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၃ လလောက်က စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ဟာ မန္တလေးခရီးစဉ်ကို လာတုန်းက မန္တလေး အမရပူရမြို့နယ်၊ ဓနုံးရွာဘက် ဖြတ်သန်းစဉ် လမ်းဘေးတလျှောက် လယ်ယာမြေတွေပေါ်မှာ အကွက်ရိုက်ပြီး တရားမဝင် လူနေအိမ်တွေ ဆောက်လုပ်နေတာတွေကို မြင်တဲ့အတွက် ဒါတွေကို တားဆီးဖော်ထုတ် အရေးယူဖို့ လမ်းညွှန်ချက်ထားခဲ့တယ်လို့ အဲဒီသတင်းအရင်းအမြစ်က ပြောပါတယ်။

“သမ္မတကြီးတောင် မန္တလေးက ပြန်လာတာ ၅ လလောက်ရှိနေပြီ။ လယ်ယာမြေ အကွက်ရိုက်နေတာတွေကို တွေ့လို့ အရေးယူဖို့ကို သမ္မတကိုယ်တိုင်မှာခဲ့တာ။ ဒါကို ဝန်ကြီးချုပ် ဦးမျိုးအောင်က အခုအချိန်ထိ အကောင်အထည်မဖော်သေးဘဲ ဝေ့နေလို့ သမ္မတရုံးအဖွဲ့က ဘာကြောင့်လဲ၊ သူ့ရဲ့နောက်မှာ ဘယ်သူတွေရှိလို့လဲဆိုတာ စောင့်ကြည့်နေကြတယ်။”

DVB က ကြည့်ရှုခဲ့ရတဲ့ စာရွက်စာတမ်းထဲ အမရပူရမြို့နယ်၊ ဓနုံးကျေးရွာထဲ လယ်ယာမြေပေါ် တရားမဝင် အကွက်ရိုက်သူတွေကို ဖော်ထုတ်အရေးယူဖို့ သမ္မတရဲ့ လမ်းညွှန်ချက်၊ နောက် အရေးယူဖို့ ဥပဒေအကြံပေးနဲ့ အရေးယူ အမှုဖွင့်ခံရမဲ့ လူနာမည်စာရင်းတွေ ပါဝင်ပါတယ်။

နောက်ပြီး သမ္မတရဲ့ လမ်းညွှန်ချက်အရဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အကွက်ရိုက် နောက်ကွယ်က ဓနုံးအုပ်ချုပ်ရေးမှူးလည်း ရာထူးကနေ အဖြုတ်ခံရတဲ့အပြင် အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူးလည်း နေရာပြောင်းခံခဲ့ရတာ ရှိနေပေမဲ့ ထောင် ၂ နှစ်အထိ ချခံရမဲ့ ဥပဒေအကြံပေးရထားတဲ့ အကွက်ရိုက်သမားတွေကတော့ အခုထိ အရေးမယူခံရသေးဘူးလို့လည်း သမ္မတရုံး သတင်းအရင်းအမြစ်က ပြောပြပါတယ်။

စည်ပင်ဌာနမှူးဟောင်း ကိုးကန့်သူဌေး အားရုံ (ခ) ကျော်ကျော်ဝင်းရဲ့ ဝန်ထမ်းဟောင်းဘဝကနေ အာဏာသိမ်းပြီးနောက် မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ သယံဇာတဝန်ကြီးဖြစ်ခဲ့တဲ့ မျိုးအောင်ဟာ ရွှေဩဥရွှေဆိုင်ပိုင်ရှင် မောင်ကိုရဲ့ ထောက်ခံမှုနဲ့ အာဏာသိမ်းအစိုးရလက်ထက်မှာပဲ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီးနောက် မင်းအောင်လှိုင် လက်ထက်အထိ ဆက်ပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့သူပါ။

လက်ရှိမှာလည်း မျိုးအောင်ဟာ ကိုးကန့်သူဌေး အားရုံရဲ့ ကုမ္ပဏီက ပြုလုပ်တဲ့ပွဲတိုင်းကို တက်ရောက်သူအဖြစ် ထင်ရှားပြီး အရင် ဝန်ကြီးချုပ်ဟောင်း ဦးမောင်ကိုနဲ့ တပူးပူးတတွဲတွဲ ရှိနေတာကို တွေ့ရပါတယ်။

ဓနုံးဒေသခံတယောက်က “ဓနုံးမှာ အကွက်ရိုက်ဝယ်ထားတဲ့သူတွေထဲ အမတ်တွေတောင် ပါတယ်လို့ ကြားရတယ်။ ဒါက စစ်ရင်ပေါ်ပါတယ်။ နောက်ပြီး မန္တလေးက မြေအကွက်ရိုက်သူဌေးတွေလည်း ပါတယ် ကြားနေရတယ်။ ဒီတော့ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်မှာဆိုတော့ ဦးမျိုးအောင်က မထိရဲဘူးဖြစ်နေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်အာဏာရှင်သမ္မတရုံးဘက်က ပြုလုပ်တဲ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲမှာ ဒုဝန်ကြီး ခိုင်ခိုင်စိုးက သမ္မတရဲ့ မြေယာမူဝါဒတွေကို အကျယ်တဝင့် ရှင်းပြတာတွေ လုပ်ခဲ့တဲ့အပြင် ပြည်ထောင်စုလွှတ်တော်အတွင်း ၂ နာရီခွဲနီးပါး ရှည်လျားတဲ့ မိန့်ခွန်းထဲ မင်းအောင်လှိုင်က သူ့ရဲ့ မြေယာမူဝါဒတွေကို ထည့်သွင်းပြောကြားသွားခဲ့တာလည်း ရှိတယ်လို့ အဲဒီသတင်းအရင်းအမြစ်က ဆက်ပြောပါတယ်။

လက်ရှိမှာလည်း တောင်ကြီး အေးသာယာက စက်မှုဇုန်မြေနေရာတချို့ကို အကွက်ရိုက် ရောင်းချကြသူတွေထံကနေ ဝယ်ယူခဲ့သူတွေကို အစိုးရက ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖျက်ဆီးခဲ့တာတွေရှိသလို ပြင်ဦးလွင် ရေချမ်းအိုးရပ်ကွက်ကြီး ၁၂ က လူနေအိမ်တချို့ကိုလည်း ကျူးကျော်လို့ဆိုကာ ပယ်ဖျက်ခိုင်းတာတွေလည်း ရှိနေပါတယ်။

မြေယာအရေးကျွမ်းကျင်တဲ့ တရားလွှတ်တော်ရှေ့နေတယောက်က “အခုက ချောင်းဆုံမြို့နယ် ကမာကေး၊ တော်ကပူး ကွင်းအမှတ် ၂၉၉ က အိမ်ခြေတွေကိုလည်း စားကျက်မြေပေါ်ကနေ ကျူးကျော်လို့ဆိုပြီး ဖျက်ခိုင်းနေကြတယ်။ နောက် လှည်းကူးမှာလည်း စားကျက်မြေပေါ် ဆောက်လို့ဆိုပြီး ရန်ကုန်အစိုးရက ဖျက်ခိုင်းနေကြတယ်။ ဒါတွေကို နောက်ကြောင်းလိုက်ကြည့်တဲ့ အခါကျတော့ အကွက်ရိုက်သမားတွေက လမ်းဖောက်၊ မီးသွယ်ပြီး ရောင်းစားခဲ့ကြတာ တွေ့ရတယ်။ ရောင်းခဲ့တဲ့သူတွေက ငွေထုပ်ပိုက်ပြီး နောက်ဆုံးလက်ဝယ်ကျန်သူက ဘာမှမရဘဲ အဖျက်ချရတော့တယ်။ ဒါတွေကြောင့် အကွက်ရိုက်တွေက အရေးယူသင့်တယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013