
ခေတ်အဆက်ဆက် ဌာနဆိုင်ရာတွေနဲ့ အကျင့်ပျက်စီးပွားရေးသမားတွေ ပေါင်းပြီး ပြည်သူတွေကို လှည့်ဖြားရောင်းချခဲ့တဲ့ လယ်ယာမြေပေါ်က အကွက်ရိုက်တွေကို ဖယ်ရှားပေးဖို့နဲ့ အဲဒီအကွက်ရိုက်တွေမှာ တရားမဝင်ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို အပြီးတိုင်ဖယ်ရှားဖို့ စစ်အာဏာရှင်လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဌာနက စာပေးပို့ သတိပေးထားပါတယ်။
လက်ရှိမှာ ရတနာပုံမြို့သစ်စီမံကိန်းအတွင်းက ဘုန်းကြီးကျောင်း ၁၄ ကျောင်းအပါအဝင် လူနေရပ်ကွက်အချို့၊ တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန် တိုးချဲ့ဧရိယာထဲက နေအိမ်ခြံဝင်း ၃၀၀ ကျော်နဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းက ကျေးရွာ ၉ ရွာကို စားကျက်မြေပေါ်မှာ တရားမဝင် ဆောက်လုပ်ထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တောင်ကြီးခရိုင် ထွေအုပ်က ဖယ်ရှားခိုင်းနေတယ်လို့ သိရပါတယ်။
စာပေးပို့ခံရသူတယောက်က “လှည်းကူးမှာဆိုရင် ဆားဖို၊ ဒါးပိန်၊ ဆားကွင်း၊ ပေါက်တော စတဲ့ ရွာ ၉ ရွာပါတယ်။ လူနေအိမ် ထောင်ချီတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တောင်ကြီးမြို့ အေးသာယာမှာ နေထိုင်သူတယောက်ကလည်း သူတို့ ၁၉၉၈ ခုနှစ်ကတည်းက နေထိုင်လာခဲ့တဲ့ နေရာကို အေးသာယာစက်မှုဇုန် တိုးချဲ့ဧရိယာထဲပါတယ်ဆိုပြီး ဖယ်ခိုင်းနေတယ်လို့ ပြောပါတယ်။
ဒေသခံက “နေလာတာ ၂၈ နှစ်အထိ ရှိနေပြီ။ တခြားသူဆီက ဝယ်ထားတာ။ သူတို့ကတော့ ဒီနေရာဟာ စီမံကိန်းနေရာမို့လို့ ၂၁ ရက်အတွင်း ဖယ်ပေးရမယ်ဆိုပြီး ပြောပါတယ်။ ဘယ်ကို ပြောင်းရမလဲ မသိတော့ဘူး” လို့ ပြောပါတယ်။
မြေယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အခုလိုပြဿနာတွေရဲ့ အစပိုင်းမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မြေစာရင်းဌာန အပါအဝင် မြို့နယ်အဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေ ပါဝင်ပတ်သက်ခဲ့ကြပြီး အကွက်ရိုက်ရောင်းချသူတွေဟာ လမ်းတွေဖောက်၊ မီးတိုင်တွေစိုက်ပြီး တရားမဝင် အကွက်ရိုက်မြေကို တရားဝင်မြေအဖြစ် လိမ်လည်ရောင်းချခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
မြေယာပိုင်းဆိုင်ရာ တရားလွှတ်တော်ရှေ့နေတယောက်က “အပိုင်း ၂ ပိုင်းရှိတာပေါ့ဗျာ။ တပိုင်းက စီးပွားဖြစ်ကျူး။ နောက်တပိုင်းက နေစရာမရှိတဲ့သူပေါ့။ နှစ်ပိုင်းတော့ ခွဲပြောမှရမယ်။ စီးပွားဖြစ်ကျူးကတော့ လူတိုင်း သိတယ်။ ဒါတွေက အရေးစိုက်စရာ မလိုဘူး။ နောက်တခုက ကျူးမှန်းမသိ ကျူးဖြစ်သွားကြသူတွေပေါ့။ အဲဒီကျူးထဲမှာမှ နေစရာမရှိတဲ့သူကတော့ ပိုဒုက္ခများသွားကြတယ်။ ခက်တာက သူတို့က အယုံလည်း လွယ်ကြတာပေါ့။ မြေကိစ္စဆိုတာက သေသေချာချာ စစ်ရမယ်လေ။ အချို့ကလည်း မစစ်ဘူး တန်တယ်၊ မြတ်တယ်ဆိုပြီး ဝယ်ကြတယ်။ နောက် လက်ဆင့်ကမ်းရောင်းကြတယ်။ ဒီအပိုင်းကိုတော့ အထူးအာရုံစိုက်ရမယ်။ နောက်ဆုံး ဝယ်ခဲ့တဲ့သူက ပြဿနာပေါ်ရော။ ဒုက္ခများကြရော။ ဖယ်ပေးရရော။ ပိုအရေးကြီးတာက မူလအစ အကွက်ရိုက်ခဲ့ကြသူတွေနဲ့ ပါဝင်ပတ်သက်ခဲ့ကြသူတွေ ဘာတခုမှ အရေးမယူခံရဘူး။ သူတို့တွေ ဝေးဝေးမပြေးနိုင်ပါဘူးဗျာ။ သူတို့ကို တရားစွဲပြီး နစ်နာကြေးကို အစိုးရက တာဝန်ယူပြီး ဒုက္ခများသွားတဲ့သူကို တောင်းမပေးသင့်ဘူးလား။ ဒါမှ နစ်နာသူတွေ အဆင်ပြေသွားကြလိမ့်မယ်” လို့ ပြောပါတယ်။
အဆိုပါမြေယာကိစ္စတွေနဲ့ ပတ်သက်ပြီး လက်ရှိမှာ နေထိုင်သူတွေအနေနဲ့ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့ နေအိမ်တွေကို အချိန်တိုအတွင်း ဖယ်ရှားပေးရမဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် နေထိုင်စရာနဲ့ နစ်နာကြေးကိစ္စတွေက အဓိကပြဿနာတခု ဖြစ်လာနေပါတယ်။
ဒါ့အပြင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သူတွေ၊ မိသားစုလိုက် အခြေချနေထိုင်နေသူတွေအတွက် နေရာပြောင်းရွှေ့ရေးနဲ့ နစ်နာမှုတွေကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ မရှင်းလင်းသေးတာကြောင့် အခုလို ဖယ်ရှားမှုတွေဟာ ဒေသခံတွေအတွက် နောက်ထပ် အခက်အခဲတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ မြေယာအရေး လေ့လာသူတွေက ပြောပါတယ်။
အထူးသဖြင့် အကွက်ရိုက်ရောင်းချမှုတွေမှာ ကိုယ်တိုင်အကျိုးအမြတ်ရရှိခဲ့သူတွေနဲ့ မြေယာရောင်းဝယ်မှုကို အဆင်ပြေချောမွေ့အောင် ပါဝင်ဆောင်ရွက်ပေးခဲ့သူတွေကို စိစစ်ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ မြေယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
နစ်နာနေသူတယောက်က “ရောင်းခဲ့တဲ့သူတွေနဲ့ ပွဲစားတွေက ငွေထုပ်ပိုက်သွားကြတယ်။ အဲဒီငွေထုပ်ကို သူတို့တွေ လိမ်လည်ပြီးယူသွားကြတာ။ ပြည်သူတွေရဲ့ ငွေတွေကို” လို့ ပြောပါတယ်။
ကျွမ်းကျင်သူတွေက လယ်ယာမြေ၊ စားကျက်မြေတွေပေါ်မှာ အကွက်ရိုက်ရောင်းချမှုတွေကို နှစ်ပေါင်းများစွာ ခွင့်ပြုခဲ့သူတွေ၊ ပါဝင်ပတ်သက်ခဲ့သူတွေနဲ့ ဝယ်ယူနေထိုင်ခဲ့သူတွေအကြား တာဝန်ရှိမှုကို သီးခြားခွဲခြားစိစစ်ပြီး နစ်နာသူတွေအတွက် တရားမဝင် အကွက်ရိုက်ရောင်းသူတွေကို တရားစွဲဆို ဖြေရှင်းပေးရေးလုပ်ငန်းစဉ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။










