
ရခိုင်ပြည်နယ်မှာ လယ်ယာမြေတွေကို လယ်ယာမြေလုပ်ကိုင်မှုကလွဲလို့ တခြားကိစ္စတွေမှာသုံးစွဲ ရောင်းချတာတွေကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) ကနေ တင်းကျပ်စွာကိုင်တွယ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေယာစီမံခန့်ခွဲမှုကို စနစ်တကျဖြစ်စေဖို့ရည်ရွယ်ပြီး ULA ကနေ ၂၀၂၆ ခုနှစ် ဇွန်လက လယ်ယာမြေ အခြားသုံးစွဲခွင့်နဲ့ပတ်သက်လို့ အမိန့်စာထုတ်ပြန် ပြဋ္ဌာန်းခဲ့ပါတယ်။
အဲ့ဒီထုတ်ပြန်မှုနောက်ပိုင်း ဒေသတွင်းမှာ အိမ်ရာမြေ အကွက်ရိုက်ရောင်းချထားတဲ့ လယ်ယာ မြေတွေကို သိမ်းယူတာနဲ့ လယ်ယာမြေအကွက်ရိုက်ရောင်းချမှုတွေအပါ် ပိတ်ပင်တာတွေကို တင်းကျပ်စွာ လုပ်ဆောင်လာတာလို့ မင်းပြားမြို့ခံက ပြောပါတယ်။
"အရင် စစ်ကောင်စီခေတ်ဆိုရမှာပေါ့၊ အဲ့တုန်းကအကွက်ရိုက်ဝယ်ထားကြတဲ့ မြေတွေကိုလည်း တရားမဝင်ဘဲ သတ်မှတ်ထားတယ်။ ဝယ်ထားတဲ့သူလည်း မပိုင်တော့သလို ရောင်းထားတဲ့သူလည်း မပိုင်တော့ဘူးပေါ့။ ထပ်ပြီးလည်း လယ်မြေတွေကို မြေအကွက်ရိုက်ရောင်းတာတွေကို ပိတ်ပင် ထားတယ်။ အရင်လိုမျိုး လယ်မြေတွေကို အိမ်ရာအကွက်ရိုက် ရောင်းချတာတွေ လုပ်လို့ မရတော့ဘူး။”
ရခိုင်မှာ အဝေးပြေးလမ်းမဘေးက လယ်ယာမြေတွေ၊ လူသွားလမ်းနဲ့နီးတဲ့လယ်ယာမြေတွေ အပါအဝင် ရွာချင်းဆက်အနီးနားက လယ်ယာမြေတွေကို နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေး မှူးတွေနဲ့ ညှိနှိုင်းပြီး တရားမဝင် အိမ်ရာအကွက်ရိုက်ရောင်းချတာတွေ များစွာရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီလို လယ်ယာမြေအကွက်ရိုက်ရောင်းချတဲ့အထဲ အိမ်ရာမြေဝယ်ယူထားခဲ့တဲ့ မြောက်ဦးမြို့နယ်က ဒေသခံက "အရင်တုန်းကတည်းကဝယ်ထားတာ ဒီလိုဥပဒေတွေရှိမှန်းလည်းမသိခဲ့ပါဘူး။ အဲ့တုန်းက သူများတွေ ဝယ်ကြတယ်။ ဥက္ကဋ္ဌကလည်း ခွင့်ပြုတယ်လေ။ ခု ဝယ်ထားတဲ့မြေကွက်လေးမှာ အိမ်သွားဆောက်တော့ မဆောက်ရဘူးလို့ဆိုတယ်။ တရားမဝင်လို့ လို့ပြောတယ်" လို့ဆိုပါတယ်။
ရခိုင်မှာ လယ်ယာမြေတွေနဲ့ပတ်သက်လို့ အခြားသုံးစွဲခွင့်မလျှောက်ထားဘဲ လယ်ယာမြေတွေကို အိမ်ရာမြေအဖြစ်ရောင်းချတာ၊ စီးပွားရေးအဆောက်အအုံဆောက်လုပ်တာတွေဟာ အစိုးရအဆက် ဆက်မှာ မြို့နယ်အလိုက်များစွာရှိခဲ့ပြီး အရေးယူမှုတွေလည်း မရှိသလောက်နည်းခဲ့ပါတယ်။











