အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ လက်ဘနွန်နဲ့ အစ္စရေးကြား အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် သီတင်း ၃ ပတ် ထပ်တိုးလိုက်တယ်လို့ ဧပြီ ၂၃ ရက်မှာ ကြေညာပါတယ်။
ဝါရှင်တန်မှာရှိတဲ့ အစ္စရေးသံအမတ် ယရှီယဲလ် လိုက်တာနဲ့ လက်ဘနွန်သံအမတ် နာဒါ မွာဝဒ် တို့ကို သမ္မတအိမ်တော် ဘဲဥပုံရုံးခန်းမှာ ဖိတ်ခေါ်တွေ့ဆုံပြီးတော့ အမေရိကန် နောက်ခံပြု အဆင့်မြင့် အစည်းအဝေး ဒုတိယအကြိမ် လုပ်ခဲ့အပြီးမှာပဲ ထုတ်ပြန်လိုက်တာပါ။
ဒီဆွေးနွေးပွဲဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သတင်းထောက်တယောက် အပါအဝင် အနည်းဆုံး ၅ ယောက် သေဆုံးခဲ့ပြီး တရက်အကြာမှာ ဒီတွေ့ဆုံမှုကို ပြုလုပ်တာပါ။
ထရမ့်ပ်က “တွေ့ဆုံပွဲက အရမ်းအဆင်ပြေတယ်။ လက်ဘနွန်ကိုယ်တိုင် ဟစ်ဇ်ဘိုလာရန်ကနေ ကာကွယ်နိုင်အောင် အမေရိကန်က ကူညီသွားမယ်” လို့ သူ့ရဲ့ Truth Social မှာ ရေးသားခဲ့ပါတယ်။
မကြာခင်မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ လက်ဘနွန်သမ္မတ ဂျိုးဇက်ဖ် အော်န် တို့ကို လက်ခံတွေ့ဆုံဖို့ မျှော်လင့်တယ်လို့လည်း ထရမ့်ပ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဝါရှင်တန်ဆိုင်ရာ နှစ်နိုင်ငံသံအမတ်ကြီးတွေအကြား ဆွေးနွေးမှုတွေအပြီးမှာ ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ လာမဲ့တနင်္ဂနွေနေ့မှာ သက်တမ်းကုန်မှာဖြစ်ပြီး အခု သက်တမ်းထပ်တိုးလိုက်တာကြောင့် အကြမ်းဖက်မှုတွေ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်။
ဒါပေမဲ့ အစ္စရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တောင်ပိုင်း လက်ဘနွန် ကြားခံဇုန်တခုထဲမှာတော့ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ ကျူးကျော်တပ်တွေကို ပြန်ခုခံပိုင်ခွင့် ရှိတယ်လို့ ပြောထားပါတယ်။
တဖက်မှာလည်း အစ္စရေးစစ်တပ်က တောင်ပိုင်းလက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာ ဒုံးကျည်လောင်ချာတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်ကို ကြာသပတေးနေ့မှာပဲ ထုတ်ပြန်ပါတယ်။
အစ္စရေးစစ်တပ် IDF ကတော့ မကြာသေးခင်က လက်ဘနွန်ဘက်ကနေ Shtula ဒေသဘက်ကို ပစ်ခတ်ခဲ့တဲ့ ဒုံးလောင်ချာကို တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
လက်ဘနွန်ဘက်ကနေ မြောက်ပိုင်းအစ္စရေးဘက်ကို ဝင်လာတဲ့ ဒုံးကျည်တချို့ကိုလည်း ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Source: Reuters











