DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းပြီးနောက် ၁၃၁ မြို့နယ်အထိ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရ
DVB
·
November 6, 2025
အာဏာသိမ်းပြီးနောက် ၁၃၁ မြို့နယ်အထိ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရ
Donate to DVB

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက မြို့နယ် ၁၃၁ မြို့နယ်အထိ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံခဲ့ရပြီး လက်ရှိအချိန်ထိ လေးနှစ်ကျော်ကြာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံရတာ ၂၂ မြို့နယ် ရှိပါတယ်။ 

၂၀၂၁ ခုနှစ်အာဏာသိမ်းပြီး နောက်မှာပဲ စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ခဲ့တာဆိုရင် ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ၁၃၁ မြို့နယ်ရှိလာပြီလို့ အသံအဖွဲ့ရဲ့စာရင်းတွေအရ သိရပါတယ်။

၂၀၂၁ နောက်ပိုင်းမှာ တချို့မြို့နယ်တွေကို ပြန်ဖွင့်ပေးခဲ့တာကြောင့် လေးနှစ်ကျော်ကြာတဲ့အထိ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတာ ၂၂ မြို့ ရှိဆဲဖြစ်ပါတယ်။

အခုလို ပြန်လုံးဝပြန်မဖွင့်ပေးတဲ့ စစ်ရေးအရာအချက်အချာကျတဲ့ နေရာတွေကိုတော့ အချက်အလက် စီးဆင်းမှု တားဆီးရာ နည်းဗျူဟာဇုန်အနေနဲ့ ထားရှိတာဖြစ်ကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့ရဲ့ ဒါရိုက်တာက ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်မှာ စစ်တပ်က ဆက်သွယ်ရေးဖြတ်တောက်မှုတွေကို သုံးရာမှာ အဓိက အချက်ကတော့ တပ်ဖွဲ့တွေအချင်းချင်း တုံ့ပြန်မှုတွေ တော်လှန်ရေးလှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ ဖြစ်တယ်ပေါ့။ မတူပီတို့၊ ဖလမ်းတို့ ဒေသတွေမှာဆိုရင် တော်လှန်ရေးအင်အား အကောင်းဆုံးဖြစ်နေတဲ့နေရာတွေ KNDF၊ CNDF တို့ ဒီတပ်ဖွဲ့တို့ အင်အားကြီးနေတဲ့နေရာတွေ၊ နောက် စစ်ရေးဖိအားများနေတဲ့ အညာလိုနေရာတွေပေါ့။ အဲဒီဒေသတွေမှာ ပိုပြီးတော့ စစ်ရေးအရ ဖိချင်တယ်၊ ထိန်းချုပ်ချင်တယ်ဆိုတဲ့ ကိစ္စရပ်တွေကြောင့် သူတို့ ပိုပြီး ဖြတ်တောက်မှုတွေ လုပ်လေ့လုပ်ထရှိတယ်၊ ပြီးတော့ ပြန်ပြီးတော့ အင်တာနက်ကိုမဖွင့်ဘဲ အပြီးပိတ်ထားတာမျိုး ရှိတယ်ပေါ့နော်။”

လေးနှစ်ကျော်ကြာ အင်တာနက် ပိတ်ဆို့ခံထားရတဲ့ မြို့နယ်တွေကတော့ စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ ဆားလင်းကြီး၊ ကနီ စတဲ့မြို့နယ်အပါအဝင် ၁၂ မြို့နယ်၊ ချင်းပြည်နယ်က ဖလမ်း၊ ကန်ပက်လက်၊ မတူပီအပါအဝင်  ၈ မြို့နယ်နဲ့ မကွေးတိုင်းထဲက ဂန့်ဂေါနဲ့ ထီးလင်း စတဲ့ ၂ မြို့နယ် စုစုပေါင်း ၂၂ မြို့နယ်ရှိပါတယ်။

နေ့စဉ် ထိတွေ့တိုက်ပွဲတွေနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ အညာဒေသတွေမှာတော့ စစ်ကြောင်းဝင်ရောက်လာချိန်တွေမှာ ရည်ရွက်ချက်ရှိရှိ ဖုန်းလိုင်းတွေ ဖြတ်တောက်တတ်ကြောင်းနဲ့ အင်တာနက်အသုံးပြုခွင့်ရဖို့ ခက်ခက်ခဲခဲ သွားလာနေရကြောင်း လေးနှစ်ကျော်ကြာ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ စစ်ကိုင်း ဆားလင်းကြီးမြို့နယ်ထဲက စစ်ရှောင်ကူညီနေသူတယောက်က ပြောပါတယ်။

“ကျနော်တို့မြို့နယ်မှာဆိုရင်‌တော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ ရှိပါတယ်။ တချို့နေရာတွေမှာတော့ အင်တာနက်လိုင်းက ကွက်ကျားလေး သုံးရတာရှိတယ်။ ဖုန်းလိုင်းကတော့ ခုနောက်ပိုင်းမှာ ဒီကောင်တွေ စစ်ကြောင်းဝင်လာတဲ့အခါကျရင် တော်တော်လေးကို ဖုန်းလိုင်းတွေက အဆင်မပြေတော့ပါဘူး။ ဖုန်းဆက်လို့လည်း အဆင်မပြေတော့သလို စာတို မက်ဆေ့ချ် ပို့ဖို့အတွက်လည်း အဆင်မပြေပါဘူး။ တချို့ စတားလင့်မရှိတဲ့ နေရာတွေကျတော့ လိုင်းမိတဲ့နေရာတွေကို တော်တော်လေးသွားရတယ်ဗျ။ အဲဒီလိုသွားရဖို့ကလည်း လမ်းခရီးမှာ အခက်အခဲရှိတာပေါ့။”

စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ပြီး နောက်ပိုင်းမှာ တရားစီရင်ခွင့်မခံရအောင် ဖုံးကွယ်ထားဖို့အတွက် ဆက်သွယ်ရေးလိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားတာဖြစ်ပါတယ်။ 

ဒီလို ဆက်သွယ်ရေးလိုင်းတွေဖြစ်တဲ့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတာဟာ လူ့အခွင့်အရေးအရ သတင်းအချက်အလက် သိရှိပိုင်ခွင့်ထက်ပိုတဲ့ လူ့အသက်ရှင်သန်ပိုင်ခွင့်ကိုပါ ချိုးဖောက်နေတာလို့ နိုင်ငံရေးဖြစ်စဉ်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Spring Spouts အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အခုခေတ် အခုကာလမှာ ဆက်သွယ်ရေးဆိုတာက ဆက်သွယ်ရေးအတွက်တင် သုံးတာမဟုတ်ဘဲနဲ့ တခြား ဝန်ဆောင်မှု ရဖို့အတွက်ကိုလည်း သုံးကြတာဖြစ်တယ်။ ပညာရေးဝန်ဆောင်မှု၊ ကျန်းမာရေးဝန်ဆောင်မှုတွေ၊ စီးပွားရေးလုပ်တာတွေ အကုန်လုံးကလည်း ဒီအင်တာနက်တွေ၊ ဖုန်းတွေ၊ ဆက်သွယ်ရေးနည်းလမ်းတွေနဲ့ပဲ လုပ်ကြတာ အရေးပါတယ်ပေါ့နော်။ ဒါတွေကို ဖြတ်တောက်ထားခြင်းအားဖြင့် လူမှုစီးပွားအကျိုးဆက် သက်ရောက်မှုတွေ ရှိနိုင်တယ်ပေါ့။ ဒါ့အပြင်ကိုမှ နောက်တခုက အခုလို ပဋိပက္ခ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့ အခြေအနေမှာ လေကြောင်းတိုက်ခိုက်မှု ကြိုတင်သတိပေးချက်တွေလည်း ဆက်သွယ်ရေး နည်းလမ်းတွေကတဆင့်ပဲ  ရရှိရတာဖြစ်တယ်။ ဒီလိုမျိုး ဖုန်းတွေ၊ အင်တာနက်တွေ မရရှိနိုင်တဲ့အတွက် ကြိုတင် တိမ်းရှောင်တာမျိုး မလုပ်နိုင်လို့ အသက်ဆုံးပါးသွားတဲ့သူတွေလည်း အမြောက်အမြားရှိတယ်။ ဒါ့ကြောင့် rights to internet သည် အင်တာနက် ရရှိပိုင်ခွင့်သည် သတင်းအချက်အလက် ရရှိပိုင်ခွင့်တင်မကဘူး၊ rights to live အသက်ရှင်သန်ပိုင်ခွင့် အတွက်လည်း ဖြစ်တယ်လို့ ပြောလို့ရပါတယ်။”

အာဏာသိမ်းပြီးနောက် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံရမှုအခြေအနေက ၂၀၂၅ စက်တင်ဘာလထိ ၁၃၁ မြို့နယ်ရှိခဲ့ပါတယ်။ အဲဒီအထဲ ၂၂ မြို့နယ်က အာဏာသိမ်းစ ၂၀၂၁ ကတည်းက ဖြတ်တောက်ခံထားရပြီး ၁၃ မြို့နယ်က  ၂၀၂၂ ခုနှစ်က စတင်ဖြတ်တောက်ခံရကာ ၆ မြို့နယ်ကတော့ ၂၀၂၃ ခုနှစ်ထဲမှာ ဖြတ်တောက်ခံ ခဲ့ရတာဖြစ်ပါတယ်။ ၃၁ မြို့နယ်ကတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာစတင် ဖြတ်တောက်ခဲ့တာလို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ 

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013