
ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်က ကျေးရွာတရွာကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် လည်ပင်းထိခိုက် ဒဏ်ရာရတယ်လို့ ဒေသခံက ပြောပါတယ်။
ဇွန် ၁၅ ရက် မနက် ၉ နာရီဝန်းကျင်မှာ ထမင်းဟင်းချက်ပြုတ်နေတဲ့နေအိမ်ကို ဒရုန်းနဲ့ ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
နန်းမယ်ခုံဒေသခံတယောက်က “ထမင်းဟင်း ချက်ပြုတ်နေရင်းတန်းလန်းကို တယောက်က ပန်းကန်ဆေးမယ်ဆိုပြီး ထွက်လာချိန် ဒရုန်းနဲ့ ချခံရတာ။ တယောက်က လည်ပင်နား ရှပ်ထိသွား တယ်။ နောက်တယောက်က လည်ပင်းထဲကို အစ ဝင်သွားတာ”လို့ ပြောပါတယ်။
ဇွန်လ ပထမအပတ်ထဲမှာလည်း နန်းမယ်ခုံမြို့နယ်ထဲကို ဒရုန်းနဲ့ ဗုံးကြဲလို့ ပြည်သူ ၁ ယောက် ထိခိုက်မိခဲ့ပါတယ်။
စစ်တပ်က နန်းမယ်ခုံမြို့နယ်ထဲကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ မကြာခဏ ပြုလုပ်နေတာကြောင့် ဒေသခံနဲ့ စစ်ရှောင်ပြည်သူတွေ စိုးရိမ်နေရကြပါတယ်။
ကရင်နီပြည်နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးနေလို့ တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး တိုက်ပွဲ မဖြစ်တဲ့နေရာတွေကိုလည်း လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။










