
နီပေါနိုင်ငံဟာ နိုဝင်ဘာ ၄ ရက်က ဟိမဝန္တာတောင်တန်းတွေပေါ်က တောင်တက်ခရီးစဉ် တခုအတွင်း နှင်းထုပြိုကျသေဆုံးသူတွေထဲမှာ နိုင်ငံခြားသားတယောက် ပါတယ်လို့ အတည်ပြုခဲ့ပါတယ်။
တောင်တက်နဲ့ စွန့်စားခန်းခရီးသွားလုပ်ငန်း ညွှန်ကြားရေးမှူး ဟီမယ် ဂေါ့တမ်က ပျောက်ဆုံးနေဆဲ ၈ ယောက်ကို ရှာနေတယ်လို့ နီပေါနိုင်ငံ ခရီးသွားဌာနက ပြောပါတယ်။
ခတ္တမန္ဒူမြို့တော် အရှေ့မြောက်ဘက် ဒိုလာခါခရိုင်မှာ ၁၈,၄၇၀ ပေမြင့်တဲ့ ယာလင် ရီဟီမာလ် တောင်ပေါ်မှာ ပျောက်ဆုံးနေသူတွေထဲမှာ နိုင်ငံခြားသား ၅ ယောက် ပါတယ်လို့ ရဲအရာရှိ ဂီယံ ကူးမား မဟာတိုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သေဆုံး၊ ပျောက်ဆုံးနေတဲ့ နိုင်ငံခြားသားတွေရဲ့ နိုင်ငံတွေကို ချက်ချင်းမသိရသေးပါဘူး။
ဒဏ်ရာရ တောင်တက်သမား ၄ ယောက်ကို အနီးနားက ရွာတရွာဆီ ရွှေ့ပြောင်းပေးခဲ့ပြီး ပျောက်ဆုံးနေတဲ့ တောင်တက်သမားတွေကို ရဟတ်ယာဉ်နဲ့ ရှာဖွေမှု အပါအဝင် လုပ်စရာတွေကို ဆက်လုပ်နေတယ်လို့ မဟာတိုက ပြောပါတယ်။
ယာလင် ရီဟီမာလ်တောင်ဟာ နီပေါနိုင်ငံ အရှေ့မြောက်ပိုင်းက ရိုဝါလင် ချိုင့်ဝှမ်းမှာရှိပြီး ဒီနေရာမှာ တောင်တက်သမားတွေဟာ ကျောက်တုံး၊ ရေခဲနဲ့ နှင်းတွေ ရောပြီး ပြိုကျတာကို ရင်ဆိုင်ရလေ့ ရှိပါတယ်။
Source: Reuters










