DVB Logo
Home
နိုင်ငံတကာ
အသက်အငယ်ဆုံး နယူးယောက်ခ်မြို့တော်ဝန် ဖြစ်လာရန် မမ်ဒါနီ ရေပန်းစား
DVB
·
November 4, 2025
အသက်အငယ်ဆုံး နယူးယောက်ခ်မြို့တော်ဝန် ဖြစ်လာရန် မမ်ဒါနီ ရေပန်းစား
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နယူးယောက်ခ်မြို့တော်ဝန် ရွေးကောက်ပွဲမှာ အုပ်ချုပ်ရေးမှူးဟောင်း အန်ဒရူး ကူမို အတွက် မဲပေးကြဖို့ သူ့ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။

အဲဒီနောက် အနိုင်ရဖို့ တစ်ပြေးနေတဲ့ ဇိုရန် မမ်ဒါနီသာ မြို့တော်ဝန်ဖြစ်လာရင် နယူးယောက်ခ်အတွက် ပြည်ထောင်စုရန်ပုံငွေတွေကို ကန့်သတ်သွားမယ်ဆိုပြီး ထရမ့်ပ်က ခြိမ်းခြောက်ထားပါတယ်။

အောက်တိုဘာ ၄ ရက် ရွေးကောက်ပွဲမတိုင်ခင် စစ်တမ်းတွေအရ ဒီမိုကရက်တွေဖြစ်ကြတဲ့ မမ်ဒါနီက ကူမိုကို ဦးဆောင်ထားနိုင်တာ တွေ့ရပါတယ်။

ဒါဟာ ဒီမိုကရက်တစ်ပါတီတွင်း အကြိုရွေးကောက်ပွဲမှာ အသက် ၃၄ နှစ်အရွယ် လူငယ်နိုင်ငံရေးသမားကို ရှုံးနိမ့်ခဲ့ရပြီးနောက် ကူမိုက တသီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတွေထဲမှာလည်း မမ်ဒါနီဟာ ၄၅ ဒသမ ၈ ရာခိုင်နှုန်းနဲ့  ကူမိုရဲ့ ၃၁ ဒသမ ၁ ရာခိုင်နှုန်းထက် သာလွန်နေပြီး ရီပတ်ဘလီကန် ကိုယ်စားလှယ်လောင်း ကားတစ် ဆလီဝါ ကတော့ ၁၇ ဒသမ ၃ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ထားပါတယ်။

အဲဒီနောက် ထရမ့်ပ်ဟာ သူကိုယ်တိုင် ရီပတ်ဘလီကန်ပါတီဝင် ဖြစ်ပေမဲ့လည်း ဆလီဝါ အပေါ် ထောက်ခံကြောင်း ပြသခဲ့ခြင်းတော့ မရှိပါဘူး။

“ကားတစ် ဆလီဝါ အတွက် ဆန္ဒမဲဟာ မမ်ဒါနီ အတွက် မဲပေးလိုက်တာနဲ့ အတူတူပါပဲ။ အန်ဒရူး ကူမိုကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ တခြားရွေးချယ်စရာ မရှိပါဘူး” လို့ ထရမ့်ပ်က ရေးသားထားပါတယ်။

အခုလိုမျိုး တကမ္ဘာလုံးရဲ့ အာရုံစိုက်မှု ရလာခဲ့တဲ့အလျောက် ပြီးခဲ့တဲ့ ၉ ရက်အတွင်း ကြိုတင်မဲပေါင်း ၇၃၅,၃၁၇ နဲ့ စံချိန်တင်ခဲ့တဲ့အပြင် ဒါဟာ ၂၀၂၁ ရွေးကောက်ပွဲထက်ပါ ၄ ဆကျော် ပိုမိုများပြားပါတယ်။

ဒါ့အပြင် နယူးယောက်ခ်မြို့ခံ ဘီလီယံနာအများစုက ကူမိုရဲ့ မဲဆွယ်စည်းရုံးရေးကမ်ပိန်းကို ထောက်ခံခဲ့ကြရာမှာ နာမည်ကြီး ရင်းနှီးမြှုပ်နှံသူ ဘီလ် အက်ခ်မန်း ဆိုရင် ဒေါ်လာ ၇၅၀,၀၀၀ အထိ လှူဒါန်းထားပါတယ်။

ဒါပေမဲ့လည်း ကူမိုဟာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တဲ့ပုံစံမျိုး ပြုလုပ်ခဲ့ကြောင်း တွေ့ရှိချက်အရ ၂၀၂၁ အရောက်မှာ နယူးယောက်ခ်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

လက်ရှိ ပြည်နယ်လွှတ်တော်အမတ် မမ်ဒါနီ ကတော့ အချမ်းသာဆုံး မြို့ခံတွေကို အခွန်စည်းကြပ်ပြီး ရလာမယ့်ဝင်ငွေ တစိတ်တပိုင်းနဲ့ အခမဲ့ ဘတ်စ်ကားစီးနင်းနိုင်ရေး၊ အိမ်ငှားခ မတိုးမြှင့်ရေး၊ ကလေးသူငယ်​ စောင့်ရှောက်ရေး စတဲ့ အစီအစဉ်တွေကို ဖော်ဆောင်သွားမယ်လို့ ကတိပြုထားပါတယ်။

တကယ်လို့သာ မမ်ဒါနီ ကပဲ ရွေးကောက်ပွဲမှာ အနိုင်ရသွားရင် နယူးယောက်ခ်မြို့ကို ဦးဆောင်မယ့် ပထမဆုံး မွတ်ဆလင်၊ ပထမဆုံး အာဖရိကဖွား၊ ပထမဆုံး တောင်အာရှအနွယ်နဲ့ အသက်အငယ်ဆုံးသော မြို့တော်ဝန် ဖြစ်လာဖို့ ရှိနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013