
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်၊ အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာဟာ ဒီဇင်ဘာ ၂၉ ရက်က ဂျော်ဂျီယာပြည်နယ် ပလိန်းစ်က သူ့နေအိမ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ ဂျင်မီကာတာဟာ ရိုးသားတဲ့ ဂျော်ဂျီယာ ပဲစိုက်တောင်သူဘဝကနေ အမေရိကန်သမ္မတဖြစ်လာခဲ့ပြီး သူ့သက်တမ်းအတွင်းမှာ စီးပွားရေးကျဆင်းမှုနဲ့ ရုန်းကန်ခဲ့ရသလို အီရန်ဓားစာခံအကျပ်အတည်းနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ သူ့သမ္မတသက်တမ်းအတွင်း အစ္စရေးနဲ့ အီဂျစ်အကြား ငြိမ်းချမ်းရေးသဘောတူညီချက် ယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
သမ္မတအဖြစ်က အနားယူပြီး နောက်ပိုင်းကာလတွေက ပိုမှတ်မှတ်ထင်ထင်ရှိခဲ့ပြီး လူသားချင်းစာနာမှု လုပ်ငန်းတွေနဲ့ ဒီမိုကရေစီရေး ဆောင်ရွက်ချက်တွေကြောင့် ၂၀၀၂ မှာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။
သူ့သား ချစ်ပ်ကာတာက “ကျနော့်အဖေဟာ ကျနော့်အတွက်သာမက ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တကယ့်မျှော်လင့်ချက်ကို ယုံကြည်သူတိုင်းအတွက် သူရဲကောင်းတယောက်ပါ” လို့ ပြောပါတယ်။
ဒီမိုကရက်တယောက်ဖြစ်တဲ့ ကာတာဟာ ရီပတ်ဘလီကန်သမ္မတ ဂျရယ်ဖို့ဒ်ကို အနိုင်ယူပြီး ၁၉၇၇ ကနေ ၁၉၈၁ ဇန်နဝါရီအထိ ၃၉ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ သက်တမ်းတဆက်ပဲ ထမ်းဆောင်နိုင်ခဲ့ပြီး ရီပတ်ဘလီကန် စိန်ခေါ်သူ ရုပ်ရှင်မင်းသားကြီး ရော်နယ်ရေဂင်ကို အရှုံးပေးခဲ့ရပါတယ်။
သမ္မတသက်တမ်းတိုအတွင်း လူကြိုက်မများခဲ့တဲ့ ကာတာဟာ သမ္မတဟောင်းအဖြစ် ဆောင်ရွက်ချက်တွေကြောင့် ဂုဏ်သတင်းကျော်စောတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။
Source : Reuters