ထိုင်ဝမ်ရဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်မလာစေဖို့ အတူလက်တွဲ လုပ်ဆောင်ရမယ်လို့ သမ္မတ လိုင်ချင်းတယ်က ဇူလိုင် ၁၉ ရက်မှာ ပြောပါတယ်။
ပေကျင်းကလာတဲ့ အနီရောင်အကြမ်းဖက်မှု (red terror) ကို ဆန့်ကျင်ကြဖို့လည်း သူ့ရဲ့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံ နယ်နိမိတ်ပြင်ပက လူတွေကိုပါ အရေးယူခွင့်ပေးထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်လိုမျိုး "ဥပဒေစစ်ဆင်ရေး" တွေ လုပ်ဆောင်လာတဲ့အတွက် ငြိမ်းချမ်းချိန်မှာတောင် သတိဝီရိယရှိဖို့ လိုတယ်လို့ လိုင်က သတိပေးပါတယ်။
သမ္မတ လိုင်ချင်းတယ်က “ကျနော်တို့ရဲ့ ဒီမိုကရေစီနဲ့ လွတ်လပ်တဲ့ လူနေမှုဘဝကို ကာကွယ်ဖို့ အတူတကွ လုပ်ဆောင်ရမှာဖြစ်ပြီး 'ဒီမိုကရက်တစ်ထိုင်ဝမ်' ကို နောက်ကြောင်းပြန်လှည့်ပြီး 'တရုတ်ထိုင်ဝမ်' အဖြစ် လုံးဝ အရောက်မခံနိုင်ပါဘူး" လို့ ပြောပါတယ်။
၁၉၄၉ ခုနှစ် ပြည်တွင်းစစ်မှာ ချန်ကေရှိတ်ရဲ့ ကူမင်တန်အစိုးရဟာ မော်စီတုန်းရဲ့ ကွန်မြူနစ်တွေကို ရှုံးနိမ့်ပြီး ပြည်မကြီးကနေ ထွက်ပြေးခဲ့ပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်ကျွန်းမှာ တရုတ်သမ္မတနိုင်ငံ (ROC) အဖြစ် ဆက်လက်ရပ်တည်ခဲ့ပြီး ကွန်မြူနစ်တွေကတော့ ပြည်မကြီးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ကို ထူထောင်ခဲ့ပါတယ်။
ကုလသမဂ္ဂမှာ တရုတ်နိုင်ငံရဲ့ ကိုယ်စားပြုခွင့်နဲ့ ဗီတိုအာဏာကို ၁၉၇၁ ခုနှစ်မှာ ထိုင်ဝမ် (ROC) ဆီကနေ ပြည်မကြီးအစိုးရ (PRC) ထံကို လွှဲပြောင်းပေးခဲ့ပါတယ်။ ထိုင်ဝမ်ရဲ့အနာဂတ်ကို ထိုင်ဝမ်ပြည်သူ ၂၃ သန်းကသာ ပူးတွဲဆုံးဖြတ်ရမယ်လို့ လိုင်က ဆိုပါတယ်။
ဒီမိုကရေစီဆိုတာ အားနည်းချက်မဟုတ်ဘဲ အင်အားတရပ်ဖြစ်တယ်ဆိုတာကို ထိုင်ဝမ်က ကမ္ဘာကို ပြသနိုင်ခဲ့ပြီလို့လည်း သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
Source: Reuters











