DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့မှ TNLA တပ်များ နိုဝင်ဘာ နောက်ဆုံးပတ် ဆုတ်ခွာမည်
DVB
·
November 4, 2025
မိုးကုတ်မြို့မှ TNLA တပ်များ နိုဝင်ဘာ နောက်ဆုံးပတ် ဆုတ်ခွာမည်
Donate to DVB

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ စစ်ကောင်စီတို့ကြား အပစ်ရပ် ကြေညာပြီး ဆုတ်ခွာဖို့သဘောတူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ TNLA တပ်တွေ နိုဝင်ဘာ ၂၀ ရက်ကစပြီး ဆုတ်ခွာမယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အပစ်ရပ်ကြေညာပြီးနောက် အောက်တိုဘာ ၃၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ မိုးကုတ်မြို့ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးမှာ TNLA တပ်တွေ နိုဝင်ဘာ ၂၀ ရက်ကစပြီး ၂၅ ရက်အတွင်း အပြီးဆုတ်ခွာမယ့်အကြောင်း တင်ပြဆွေးနွေးတာ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် TNLA တပ်တွေ ဆုတ်ခွာပြီးနောက် မိုးကုတ်မြို့မှာ TNLA ဆက်ဆံရေးရုံး ဖွင့်ထားနိုင်ဖို့ အတွက်ကိုလည်း ပြင်ဆင်နေတယ်လို့ မိုးကုတ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တယောက်က DVB ကို ပြောပါတယ်။

“နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး ဆုတ်ခွာမယ်လို့တော့ သိရပါတယ်။ အခုထိတော့ မြို့ထဲမှာ TNLA အုပ်ချုပ်ရေးယန္တရားက ပုံမှန်လည်ပတ်နေဆဲပဲ။ ပုံမှန် အခွန်ကောက်တာ၊ ကျောက်မျက် တူးဖော်ရေးတွေ ပုံမှန်အတိုင်း လုပ်နေတုန်း ဖြစ်ပါတယ်။ စစ်ကောင်စီအောက်ကနေ မိုးကုတ်မြို့မှာ TNLA ဆက်ဆံရေးရုံး ဖွင့်နိုင်ဖို့ကိုလည်း ညှိနှိုင်းနေတယ်လို့ သိထားရပါတယ်။ အဲလိုတွေကို ကြည့်ရင် လားရှိုးဖြစ်စဉ်လိုမျိုး အနေအထားတရပ်ကို TNLA က ဖော်ဆောင်မယ်လို့တော့ ထင်ရတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ TNLA ဘက်ကလည်း သူတို့ရဲ့အစီအစဉ်ကို မြို့ခံတွေကို ဘာမှပြောတာ မရှိသလို တော်လှန်ရေးတပ်တွေကိုလည်း ဘာမှပြောတာ မရှိဘူး။”

တရုတ်ကြားဝင်မှုနဲ့ ကူမင်းမြို့မှာဆွေးနွေးပြီးနောက်ရရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီချက်အရ မိုးကုတ်မြို့ကနေ TNLA တပ်တွေ ဆုတ်ခွာဖို့ရှိပေမဲ့ ဘယ်လိုပုံစံနဲ့ ဆုတ်ခွာမယ်ဆိုတဲ့ အချက်ကို TNLA က တိတိပပ ထုတ်ပြန်တာ မရှိသလို တော်လှန်ရေးတပ်ကို ရှင်းလင်းအသိပေးတာ မရှိပါဘူး။

ဒါကြောင့် စစ်ကောင်စီတပ် မိုးကုတ်မြို့ထဲ အလွယ်တကူ ဝင်လာနိုင်ဖို့ TNLA က လမ်းကြောင်းပေးလာမှာကို တော်လှန်ရေးတပ်တွေနဲ့ မြို့ခံတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

TNLA တပ်တွေ မိုးကုတ်ကနေ ဆုတ်ခွာပြီးနောက် စစ်ကောင်စီအောက်ကနေ မြို့မှာ TNLA ဆက်ဆံရေးရုံးဖွင့်ဖို့ ပြင်ဆင်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး DVB က သီးခြား အတည်မပြုနိုင်သေးသလို TNLA ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းထားဆဲ ဖြစ်ပါတယ်။

အပစ်ရပ်ကြေညာပြီး မိုးကုတ်မြို့က ဆုတ်ခွာမယ်လို့ TNLA ထုတ်ပြန်ပြီးနောက် မိုးကုတ်မြို့ အပါအဝင် စိုးမိုးထိန်းချုပ်နယ်မြေတွေကို အစွမ်းကုန် ကာကွယ်သွားမယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစု အသီးသီးက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013