
မြန်မာပြည်တွင်းမှာရှိနေတဲ့ အနုပညာရှင်တွေအနေနဲ့ ပြည်ပကို ထွက်ခွာမယ်ဆိုရင် မိမိနေထိုင်ရာ မြို့နယ် ရဲစခန်းနဲ့ စရဖအဖွဲ့ကို အကြောင်းကြားရမှာဖြစ်ပြီး ခွင့်ပြုချက်ရမှ ထွက်ခွာရမှာ ဖြစ်တယ်လို့ အနုပညာအသိုက်အဝန်းက သိရပါတယ်။
အကြောင်းမကြားဘဲ နိုဝင်ဘာ ၁ ရက်က ပြည်ပခရီးစဥ်ကို သွားခဲ့တဲ့ အနုပညာရှင်တချို့ကို ရန်ကုန်လေဆိပ်ကနေ ပြန်ခိုင်းတာတွေရှိတယ်လို့ အနုပညာရှင် အသိုက်အဝန်းနဲ့ နီးစပ်သူက DVB ကို ပြောပါတယ်။
“ဘာကြောင့်သွားမှာလဲ ဘာရည်ရွယ်ချက်နဲ့ သွားတာလဲဆိုတာ လေဆိပ်ရဲက စစ်တယ်။ မြို့နယ်ရဲစခန်းက ခွင့်ပြုလား၊ စရဖကိုရော စာတင်ထားတာလားဆို မေးတယ်။ ညွှန်ကြားထားတာ မသိတော့ လှည့်ပြန်လာရတယ်။ လေယာဥ်လက်မှတ်ဖိုးတော့ ဆုံးသွားတယ်။ နောက်ရက်တွေလည်း လှည့်ပြန်လာရတဲ့အဖွဲ့တွေ ရှိတယ်။”
စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၀ ရက်က နေပြည်တော်ရှိ ရဲချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာ အနုပညာရှင်တွေ ပြည်ပထွက်ခွာမယ်ဆိုရင် မိမိနေထိုင်ရာ မြို့နယ်ရဲစခန်းနဲ့ စရဖအဖွဲ့ အကြောင်းကြားရမယ်လို့ ညွှန်ကြားခဲ့တာလို့ နေပြည် တော်သတင်းအရင်းအမြစ်က ပြောပါတယ်။
"ရွေးကောက်ပွဲမပြီးမချင်း အနုပညာရှင်တွေကို ပြည်ပကို ပေးမထွက်ဘူး။ ထွက်မယ်ဆိုလည်း ခိုင်လုံတဲ့ အကြောင်းပြချက်ရှိမှ ထွက်လို့ရမယ်။ မြို့နယ်ရဲစခန်းနဲ့ စရဖကို စာတင်ရမယ်။ ပြည်ပထွက်ခွာမယ့်သူအတွက် ပြည်တွင်းမှာကျန်ခဲ့တဲ့ အတူနေမိသားစုက တာဝန်ခံရမယ်။ စစ်တပ်က နောက်ထပ်ရိုက်မယ့် ဝါဒဖြန့်ဇာတ်ကားတွေမှာ။ ပါဝင်မယ့်သရုပ်ဆောင်စာရင်းလည်း အဲဒီနေ့ကပဲ ကောက်တာ။”
ဒါ့အပြင် ရွေးကောက်ပွဲနဲ့ပတ်သတ်ပြီး ဝေဖန်ရေးသားတဲ့ သတင်းဌာနတွေရဲ့ သတင်းတွေကို Like ပေးတာ Share တာ မလုပ်ဖို့လည်း ညွှန်ကြားထားတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်ဇာတ်ကားဖြစ်တဲ့" ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ "ထုတ်လွှင့်ပြသ ပြီးနောက် ဝေဖန်မှုတွေ များလာပြီး အနုပညာရှင်တွေ ဆန့်ကျင်ကန့်ကွက်လို့ မရအောင် အခုလိုတားမြစ်တာလို့ ဇာတ်ပို့သရုပ်ဆောင်တယောက်က မှတ်ချက်ပေးပါတယ်။
အဆိုပါ ဝါဒဖြန့်ဗီဒီယိုနဲ့ ပတ်သက်ပြီး ဒါရိုက်တာမိုက်တီး၊ ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်နဲ့ ဒါရိုက်တာအောင်ချမ်းလူ တို့ကို ပုဒ်မ ၂၃(က) နဲ့ အမှုဖွင့်ထားပြီး သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို ပုဒ်မ ၂၄ (က)နဲ့ အမှုဖွင့်ထားပါတယ်။
လတ်တလောမှာ စစ်ကောင်စီက ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ အမျိုးသား ၈၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ရှိပြီး အဲဒီထဲက ၁ ယောက်ဖြစ်တဲ့ တောင်ကြီးမြို့က ကိုနေသွေးကို စက်တင်ဘာလ ၉ ရက် ထောင်ဒဏ် ၇ နှစ် ချထားပါတယ်။










