
ရန်ကုန်၊ စမ်းချောင်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ကို စစ်အာဏာရှင်အစိုးရက ဖမ်းဆီးစစ်ဆေးနေပြီး ဖမ်းဆီးခံရတဲ့ အကြောင်းအရင်းကို မသိရသလို ဒီနေ့အထိလည်း ပြန်မလွတ်ကြသေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ အုပ်ချုပ်ရေး အသိုက်အဝန်းက ပြောပါတယ်။
စမ်းချောင်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ လျှပ်စစ်ဓါတ်အားပေးရေးလုပ်ငန်း (EPC) က မန်နေဂျာနဲ့ စာရေးမ တို့ကို ပြီးခဲ့တဲ့ တပတ်လောက်က စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ဖမ်းဆီးခဲ့တယ်လို့ ဒီအကြောင်းကို သိသူတချို့က ပြောတယ်။
စမ်းချောင်းရပ်ကျေးအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတယောက်က “မုန့်တောင် (မုန့်လက်ဆောင်းကုန်း-တောင်) ရပ်ကွက်က အုပ်ကြီးကို ဖမ်းတုန်းက ရဲတွေပါ ပါလာတယ်။ အဲဒီနေ့က ရပ်ကွက်ထဲ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့ သူ့ဖမ်းတုန်းကတော့ အကုန်သိလိုက်တယ်။ ရက်အတိအကျတော့ မမှတ်မိတော့ဘူး။ နောက်ရက်ကျတော့ တခြား အုပ်ကြီးတွေကို စစ်စရာရှိလို့ လာခဲ့ပြောလို့ ကားငှားပြီး သွားကြတာတော့ သိတယ်။ ခုထိတော့ ဘာသတင်းမှ မရသေးဘူး” လို့ ပြောပါတယ်။
ဝေဠုဝန်(မြောက်)၊ ဝေဠုဝန်(တောင်)၊ မုန့်လုပ်ဆောင်းကုန်း(မြောက်)၊ မုန့်လုပ်ဆောင်းကုန်း (တောင်)၊ သံတံတား ရပ်ကွက်၊ လင်းလွန်း (မြောက်)၊ လင်းလွန်း(တောင်) ရပ်ကွက်တွေက အုပ်ချုပ်ရေးမှူးတွေကို စစ်အာဏာရှင်အစိုးရ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးက အစည်းအဝေးအကြောင်းပြ ခေါ်ဆိုဖမ်းပြီးနောက် ရေကြည်အိုင်စစ်ကြောရေးစခန်း၊ ကုန်းမြင့်သာ စစ်ကြောရေးစခန်းတွေမှာ စရဖ တွေက စစ်ဆေးနေတယ်လို့ စမ်းချောင်းမြို့နယ်အတွင်း နေသူတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီး မစစ်ဆေးခင်က စမ်းချောင်းမြို့နယ်ထဲက မြေရှင်တယောက်ကို မြို့နယ်စည်ပင်ရုံးမှာ ခေါ်ယူစစ်ဆေးတာ ရှိခဲ့သလို မြို့နယ်အတွင်းမှာ တရားမဝင်ဆောက်နေတဲ့ ကန်ထရိုက်တိုက်တွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းတယောက်က “ဆောက်လုပ်တာကို ပိုင်ဆိုင်မှုအ ထောက်အထား တရားဝင် ဘာမှမသိဘဲ အုပ်ကြီးတွေက ဒီတိုင်း လက်မှတ်ထိုးပေးလိုက်တာ။ အဲဒါကနေစတာ။ အဲ့ဒါလောက်ပဲ သိတယ်။ ကျန်တာတော့ သေချာ မသိဘူး” လို့ ပြောပါတယ်။
သတင်းအရင်းအမြစ်တချို့ကတော့ အုပ်ချုပ်ရေးမှူးတွေအပါအဝင် EPC ဝန်ထမ်းတွေက စမ်းချောင်းမြို့နယ်ထဲမှာ တရားဝင် ဆောက်လုပ်ခွင့်အမိန့် မကျသေးဘဲ ဆောက်ထားတဲ့ ကန်ထရိုက်တိုက်တွေအတွက် မီတာချပေးတာတွေကို လာဘ်ငွေယူ လုပ်ပေးတဲ့အတွက် ဖမ်းဆီးခံရတာလို့ ပြောပါတယ်။
စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတယောက်က “အခုပါသွားတဲ့ EPC က ဝန်ထမ်း အမျိုးသမီးက အခုနောက်ပိုင်းမှာ ကားတွေ၊ ဘာတွေ၊ ဝယ်စီးပစ်လိုက်တာလေ။ အရင်က သူ့ ယောကျ်ားနဲ့ ဆိုင်ကယ်လေးပဲ စီးနေရာကနေ ချက်ချင်းကြီးဆိုတော့၊ သတင်းတွေ ထွက်လာတော့ ဖမ်းစစ်ခံရတာဖြစ်မယ်။ ပြီးတော့ ဒီရက်ထဲပဲ လင်းမြောက်ရပ်ကွက်ထဲ တချို့ဆောက်လက်စ တိုက်တလုံးဆို ရေမီးအကုန်ရပြီးသားနော်။ အဲဒါကိုမှ စည်ပင်ခွင့်ပြုမိန့်မရှိဘဲ ဆောက်တယ်ဆိုပြီး စာတွေ၊ ဘာတွေ ကပ်ပြီး ချိတ်ပိတ်လိုက်ပြီ” လို့ ပြောပါတယ်။
ဒီလို စမ်းချောင်းမြို့နယ်အတွင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးအများစု ဖမ်းဆီးစစ်ဆေးခံနေရပေမဲ့ ရပ်ကွက်ရုံးတွေကို ပုံမှန်ဖွင့်ထားတာတွေ့ရသလို လိုအပ်တဲ့ ထောက်ခံစာ အချက်အလက်တွေအတွက် ရပ်ကွက်ထောက်ခံစာမပါဘဲ မြို့နယ်ရုံးတွေကလည်း လုပ်ကိုင်ပေးနေတယ်လို့ ရပ်ကွက်နေသူတချို့က ပြောပါတယ်။











