
ရန်ကုန်၊ မှော်ဘီမြို့နယ်က စစ်အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုးကွယ်တဲ့ စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော်ကို သတ်ဖြတ်ခဲ့တဲ့သူတွေကို ဖမ်းမိပြီလို့ စစ်အာဏာရှင်ရဲ့ ပြန်ကြားရေးက ဇူလိုင် ၁၃ ရက် ညမှာ ထုတ်ပြန်ပါတယ်။
စန္ဒကူးမြိုင်ရိပ်သာကျောင်းတိုက်ဆရာတော် ဥူးပညာဝံသ (ခ) ဒေါက်တာဖေဉာဏ်၊ သက်တော် ၇၅ နှစ်ဟာ ဇူလိုင် ၂ ရက်နေ့လယ်ပိုင်းက အဲဒီကျောင်းတိုက်က ကျောင်းဆောင်ထဲမှာ ဓားဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံခဲ့ရတာပါ။
အဲဒီအမှုကို စစ်အာဏာရှင်တွေက အထူးအမှုစစ်အဖွဲ့နဲ့ ဖွဲ့စည်းစုံစမ်းခဲ့ပြီး ဇူလိုင် ၁၁ ရက်မှာ မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာနေ အသက် ၂၀ အရွယ် သက်ပိုင်ထွန်း(ခ)ပိုင်လေး ကို သူ့ရဲ့အိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
သက်ပိုင်ထွန်းကို စစ်ဆေးဖော်ထုတ်ချက်အရ ပူးပေါင်းပါဝင်သူတွေဖြစ်တဲ့ ကုလားကြီးကုန်းရွာနေ အသက် ၂၂ နှစ်အရွယ် စိုးရာဇာ(ခ)စိုးဝင်းကျော်၊ ၁၉ နှစ်အရွယ် ဝေယံနိုင်(ခ)ဝေယံ တို့ကို အဲဒီနေ့ညနေပိုင်းမှာပဲ သူတို့ရဲ့ အိမ်တွေမှာ ဖမ်းမိခဲ့ပါတယ်။
ဒါ့အပြင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ အသက် ၂၈ နှစ်အရွယ် တိုးဝင်းကျော်(ခ)တိုးဝေကျော်(ခ)ကုလား ကို လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို စစ်ဆေးချက်အရ သူတို့ ၄ ယောက်နဲ့ ဖမ်းဆီးဖို့ကျန်နေတဲ့ စိုးထက်(ခ)အေကေတီတို့ ၅ ယောက်ဟာ မှော်ဘီမြို့နယ်၊ ကုလားကြီးကုန်းကျေးရွာထဲမှာ ပန်းရန်လုပ်ကိုင်နေကြသူတွေဖြစ်ပြီး ဇူလိုင် ၁ ရက်နေ့က သက်ပိုင်ထွန်းရဲ့အိမ်မှာ တွေ့ဆုံကြတုန်း သက်ပိုင်ထွန်းက ငွေကြေး အဆင်မပြေကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စိုးရာဇာက စန္ဒကူးမြိုင် ရိပ်သာကျောင်းတိုက်ထဲကို ဝင်ရောက်ခိုးယူဖို့ တိုင်ပင်ခဲ့ကြပြီး ည ၁၀ နာရီမှာ ၅ ယောက်လုံး ကျောင်းဆောင်ထဲကို ဝင်ရောက်ခဲ့ကြရာမှာ ဆရာတော်ကို ခုတင်ပေါ်မှာ ထိုင်လျက်တွေ့ရတယ်လို့ ဆိုပါတယ်။
ဆရာတော်က သူတို့ကို မြင်သွားခဲ့တာကြောင့် အသင့်ပါလာတဲ့ အရိုးအသွား ၁၈ လက်မလောက်ရှိတဲ့ ဓားမြှောင်၊ ကျောင်းဆောင်ထဲက တွေ့ရတဲ့ စတီးဓားတို့နဲ့ ထိုးသတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီနောက် ဆရာတော်ဆီက လက်ကိုင်ဖုန်း ၂ လုံးနဲ့ ငွေကျပ် ၅ သိန်းတို့ကို ယူဆောင်ခဲ့ပြီး စိုးရာဇာနဲ့ သက်ပိုင်ထွန်း တို့က ဖုန်း ၁ လုံးစီ၊ ဝေယံနိုင်က ကျပ်ငွေ ၁၄၀,၀၀၀၊ တိုးဝင်းကျော်နဲ့ စိုးထက်တို့က ကျပ် ၁၈၀,၀၀၀ စီ ခွဲဝေယူဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
တောင်ငူမြို့နယ်နေ အသက် ၁၉ နှစ်အရွယ် စိုးထက် (ခ) အေကေတီ ကိုတော့ ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းမှာ တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးနားမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဥူးပညာဝံသဟာ အရင်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို ဗေဒင်နဲ့ ယတြာ ဓာတ်ရိုက်ဓာတ်ဆင်လုပ်ပေးတဲ့ တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာဖေဉာဏ် ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဘုန်းကြီးဝတ်ကာ မှော်ဘီမြို့ စန္ဒကူးမြိုင်ရိပ်သာ ဘုန်းတော်ကြီးကျောင်းမှာ သီတင်းသုံးနေတာ ဖြစ်ပါတယ်။
ဒီအမှုကို ဇူလိုင် ၃ ရက်ကစပြီး ရဲတပ်ဖွဲ့၊ စသုံးလုံး၊ CID၊ SB နဲ့ ထွေအုပ်အဖွဲ့က ပူးပေါင်း စစ်ဆေးနေတာဖြစ်ပြီး ဇူလိုင် ၉ ရက်မှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့က လွှဲယူတာလို့ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။










