
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ မှာ ဩဂုတ် ပထမ ၁၁ ရက်အတွင်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၉ ယောက် သေဆုံးပြီး ဒဏ်ရာရသူ ၂၆ ယောက်အထိ ရှိလာနေတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ဩဂုတ် ၁၂ ရက်က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က သံတွဲ၊ အမ်း၊ မြောက်ဦးနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့ကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ အစုအပြုံလိုက် ထိခိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြသလို ရသေ့တောင်မြို့နယ် နံ့သာကျွန်းအနီး ငါးဖမ်းနေကြတဲ့ စစ်ဘေးရှောင်တွေကိုလည်း စစ်အာဏာရှင်တပ်သားတွေနဲ့ မွတ်စလင်လက်နက်ကိုင်တွေက ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သေဆုံးမှုရှိခဲ့ကြတာလို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။
စစ်အာဏာရှင်တပ်က အရပ်သားတွေအပေါ် အရပ်သားပစ်မှတ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ တာကြောင့် အရပ်သားထိခိုက်သေဆုံးမှု ဆက်တိုက်ဖြစ်ပေါ်နေတာဟာ အထူးစိုးရိမ်စရာ ကောင်းသလို အရပ်သားပြည်သူတွေနဲ့ အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်နေမှုတွေကို HDCO အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ ပြောထားပါတယ်။
အရပ်သားပြည်သူတွေဟာ စစ်ရေးပစ်မှတ်မဟုတ်သလို အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ လူနေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ တခြားအရပ်ဖက် အဆောက်အအုံတွေကို ကာကွယ်ပေးရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ဒါအပြင် အာရက္ခဒေသတွင်း စစ်အာဏာရှင်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်နေမှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးတကြီး အာရုံစိုက်ဖို့၊ အရပ်သားတွေကို ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေချိုးဖောက်မှုတွေ အတွက်လည်း တာဝန်ခံမှု ရှိစေရေး လုပ်ဆောင်ကြဖို့ကိုလည်း HDCO က တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဩဂုတ်လအတွင်းမှာ သံတွဲမြို့နယ်က ငပလီမြို့၊ ကျောက်ကြီးကျေးရွာတို့ကို လေယာဉ်အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၄ ယောက်သေဆုံးခဲ့သလို နောက်ထပ်လည်း ၁၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။
ဒါ့အပြင် အမ်း၊ မြောက်ဦးနဲ့ ပလက်ဝမြို့နယ်တို့ကိုလည်း ဩဂုတ်လအတွင်းမှာတင် လေယာဉ် အုပ်စုလိုက်သုံး တိုက်ခိုက်ခဲ့လို အရပ်သားတွေနဲ့ ကလေးငယ်တွေ ထိခိုက် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေဟာ လေယာဉ် သံကြားရင် သွေးလန့်နေကြရပြီး နေရာရွှေ့ပြောင်းမှုတွေလည်း ပြုလုပ်နေကြရတယ်လို့ ငပလီမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“သံတွဲမြို့နယ်က ပြည်သူတွေက လေယာဉ်သံတို့ ကားသံတို့ ကြားနေရင်ကို သွေးလန့်နေကြပြီ။ အကြိမ်ကြိမ်း ဗုံးကြဲခံရတော့ ပြည်သူတွေက ကြောက်စိတ်တွေနဲ့ နိစ္စဓူဝဖြတ်သန်းနေကြရတယ်။ လက်ရှိမှာလည်း ဗုံးကြဲနေရတဲ့ ဒေသတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို တိမ်းရှောင် နေရတယ်” လို့ပြောပါတယ်။
စစ်အာဏာရှင်တပ်က ရခိုင်ပြည်နယ်က မြို့၊ရွာတွေကို ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်လာလို့ အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာနေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိပြုကြဖို့ကိုလည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။
ဇူလိုင်လအတွင်းကလည်း ရခိုင်ပြည်နယ်အတွင်း စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့လို အရပ်သား ၂၁ ယောက်ထိခိုက်သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၆၈ ယောက်အထိ ရှိခဲ့ကြတာဖြစ်ပါတယ်။











