DVB Logo
Home
ဆောင်းပါး
ကြံ့ဖွတ် စစ်ဖွတ် ဖွတ်တက်နိုင်ငံ အဖြစ်မခံ 
DVB
·
November 2, 2025
ကြံ့ဖွတ် စစ်ဖွတ် ဖွတ်တက်နိုင်ငံ အဖြစ်မခံ 
Donate to DVB

USDP ပါတီ

စစ်တပ်က နောက်ခံ

မြန်ပြည်ရဲ့ အဖျက်ဘေး။

ကြံ့ဖွံ့လို

ဘယ်သူဖျက်နိုင်ပါ့

ဖွတ်တက်ပြီလေး။ ။

ပြည်ခိုင်ဖြိုး (ခ) USDP (ခ) ကြံ့/ဖွံ့ (ခ) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ စစ်တပ် အာဏာသိမ်းလို့ ဝသွားပြီးရင် စစ်အုပ်ချုပ်ရေး မလုပ်တော့ဘဲ အရပ်သားပါတီအဖြစ် ဆက်အုပ်ချုပ်ဖို့ ဖွဲ့ထားတဲ့ပါတီပါ။ ရာဇဝင်လူဆိုး လက်နက်ကိုင် သူခိုးဓားပြဗိုလ်ကြီးက တိုက်ရာပါငွေတွေနဲ့ ရွာ့မျက်နှာဖုံး ဘုရားလူကြီး၊ ဂေါပကကြီး လုပ်နေတာမျိုးပေါ့။

အရင်က (မဆလ)မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလို၊ (တစည) တိုင်းရင်းသား စည်လုံးညီညွတ်ရေး ပါတီလို စစ်တပ်ပါတီပါပဲ။ ဒါကြောင့်လည်း ၂၀၂၅ ရွေးကောက်ပွဲ ကျင်းပဖို့ ၃ လ လောက် အလိုမှာပဲ ကြံ့/ဖွတ် ပြည်ခိုင်ဖြိုးက အမတ် ၃၀ လောက် ကြိုတင် အနိုင်ရနေပါပြီ။ ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲ လုပ်ပြီးရင် ကြံ့/ဖွတ်ပဲ မဲနိုင်သွားမှာပါ။ ပြီးတော့ စစ်တပ်အာဏာကို စစ်တပ်ပါတီ ဖြစ်တဲ့ ကြံ့/ဖွတ်ကို လွှဲပေးမှာပေါ့။ သမ္မတက ဦးမင်းအောင်လှိုင်ပေါ့။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မင်းအောင်လှိုင်ကနေ သမ္မတ ဦးမင်းအောင်လှိုင်ကို အာဏာလွှဲလိုက်မှာပါပဲ။ အရင်က ဗိုလ်ချုပ်ကြီးနေဝင်းကနေ သမ္မတကြီး ဦးနေဝင်းထံ အာဏာလွှဲသလိုပါပဲ။ သတိထားရမှာက ၂၀၂၅ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာလည်း နွေဦးတော်လှန်ရေး တိုက်ပွဲကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမယ် ဆိုတာပါပဲ။ မဲရွေးပွဲပြီးရင်လည်း ကျနော်တို့ နွေဦးတော်လှန်ရေး တိုက်ပွဲကို ပြင်းပြင်းထန်ထန် အရှိန်မြှင့် စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ ဆက်တိုက်ခိုက်ရမယ် ဆိုတာပါပဲ။

ကြံ့ဖွတ်၏ မူလအစ 

"အရင်းစစ်တော့ အမြစ်မြေက" ဆိုသလို စစ်တပ်က အရပ်သားဟန်ဆောင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီး အစိုးရလုပ်ချင်တော့ ပါတီထောင်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ စစ်တပ်ပါတီအဖြစ် တစညကို ဖွဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ တစည ပါတီဟာ ခွက်ခွက်လန်ရှုံးသွားပါတယ်။ ရှုံးမှာပေါ့ တစညဟာ မဆလကို အမည်ပြောင်းထားတဲ့ပါတီကိုး။ ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ စစ်တပ်ဟာ တစည ပါတီ သုံးမရတော့မှန်းသိတဲ့အခါ ကြံ့/ဖွံ့ကို ဖွဲ့စည်းပါတော့တယ်။ ပထမမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်း (USDA)ကို စဖွဲ့တယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း Union Solidarity and Development Association ဟာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၁၉၉၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်က စတင်ထူထောင်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဗဟိုဌာနချုပ် နေပြည်တော်မှာရှိခဲ့ပြီး ဗဟိုအသင်း ၁ သင်း၊ ပြည်နယ်နဲ့တိုင်း အသင်း ၁၇ သင်း၊ ခရိုင်အသင်း ၆၆ သင်း၊ မြို့နယ်အသင်းပေါင်း ၃၂၀ ပါဝင်တယ်။ ၂၀၀၇ ခုနှစ် ဧပြီလ ကောက်ယူထားတဲ့ စာရင်းအရ အသင်းဝင် ၅၂ သန်းရှိခဲ့တယ်။ ရှိမှာပေါ့ ကျောင်းသားနဲ့ ဝန်ထမ်းတွေအားလုံး မဝင်မနေ ဆွဲထည့်တာလေ။ ၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့ ကျတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အထွေထွေအတွင်းရေးမှူး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဗိုလ်ချုပ် ဌေးဦးဖြစ်တယ်။

ကြံ့ဖွတ်အသင်းစဖွဲ့တာကိုက ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ် မောင်အေး၊ ဗိုလ်ချုပ် ဌေးဦး၊ အောင်သောင်းစတဲ့သူတွေက ဦးဆောင်နေတာကကို စစ်တပ်ပါတီဆိုတာ ထင်ရှားနေတာပါ။ ကြံ့/ဖွတ် အသင်းရုံးက နေပြည်တော်မှာရှိတယ်။ တနိုင်ငံလုံး ရုံးအားလုံးလည်း ငှားခပေးစရာမလို၊ အပိုင်သိမ်း၊ ရေခ၊ မီးခ ပေးစရာမလိုပဲစစ်တပ်အာဏာနဲ့ ရနေတယ်။ ကြံ့/ဖွတ်ပါတီပြောင်းလိုက်တော့လည်း အခွင့်ထူးခံ အကုန် ရနေတာပါပဲ။

ကြံ့ဖွတ်မင်းဆက်

ပလ္လင်တက်သော်

ဖွတ်တက်မွဲတေ

မြန်မာပြည်မှာ

စားစရာမရှိပြည်သူများ

ထားစရာမရှိအုပ်စိုးသူများ

ခြားနားသွားကြပါလေသတည်း။ ။

ကြံ့/ဖွတ် လက်အောက် ဖွတ်ထက်မွဲတိုင်းပြည်

ကြံ့/ဖွတ်အသင်း၊ ကြံ့/ဖွတ်ပါတီဝင်ပါက မှတ်ပုံတင်မလို အသင်းဝင်ကတ်သာလိုပါတယ်။ ပါတီဝင်ကတ်သာလိုပါတယ်။ လူမျိုးခြားဖြစ်ဖြစ် စီးပွားရေးသမားဖြစ်ဖြစ် နိုင်ငံခြားသားဖြစ်ဖြစ် ကြံ့/ဖွတ်ကတ်နဲ့ အားလုံးပြီးပါတယ်။ လဝကဝန်ကြီး ခင်ရီက ရခိုင်က လူ ၅ သိန်းကို  White Card တွေ လုပ်ပေးခဲ့တာလည်း ရှိပါတယ်။ စီးပွားရေးလုပ်ကွက် အားလုံးလည်း ကြံ့/ဖွတ်ကလူတွေသာ ရပါတယ်။ ဒီလို အခြေအနေမှာမှ တတိုင်းပြည်လုံး မမွဲရင် ဖွတ်မတက်ရင် ဘယ်သူတွေက မွဲပါဦးမလည်း။ ကြံ့ဖွတ် အာဏာပိုင်လူကြီးတွေနဲ့ နောက်လိုက် အဆင့်ဆင့်ကတော့ ချမ်းသာကြတာ ကျိကျိတက်ပေါ့။ စီးပွားရေးလုပ်ငန်းဟူသမျှ သူတို့ဟာပဲ။ ပိုင်ဆိုင်မှုတွေများလွန်းတော့ ထားစရာနေရာမရှိ၊ မြေတွေထပ်သိမ်းပြန်၊ အိမ်တွေထပ်သိမ်းပြန်တာပေါ့။ ပြည်သူလူထုတွေ ကတော့ ဖွတ်တက်လို့ မွဲကုန်တာပေါ့။ ပြည်သူတွေ ငါးဖမ်းနေတဲ့ အိုင်လေးကို ကြံ့/ဖွတ်က သိမ်းထားတော့ ငါးရှာစရာ အိုင်ကလေးတောင် မရှိတော့တာမျိုးလေ။ စားစရာမရှိသူနဲ့ ထားစရာမရှိသူများ။

ကြံ့ဖွတ်တွေ သစ်တောသိမ်းပြီး သစ်ရောင်းစားခြင်း

အခု စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းဟာ အရင်က ကြံ့/ဖွတ်ပါတီရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ပေါ့။ သူ့ကို RFA သတင်းဌာနက မေးခဲ့တယ်။ "ကော့သောင်းက တောထဲမှာ ဗိုလ်ချုပ်အနေနဲ့ သစ်တောဧက ၁,၀၀၀ ကို တဧက ကျပ် ၃၀,၀၀၀ နှုန်းနဲ့ ကျွန်းစိုက်မြေအဖြစ် သိမ်းခွင့်လုပ်ပိုင်ခွင့်ရတယ်လို့ ကြားပါတယ်။ ဟုတ်ပါသလား။" ဆိုတော့ ဗိုလ်ချုပ်မောင်မောင်အုန်းက မငြင်းပဲ ပြန်ပြောပါတယ်။

"သစ်တောရိုင်းမြေ တဧကကိုမှ နိုင်ငံတော်စားရိတ် ကျပ် ၃၀,၀၀၀ နဲ့ ယူလို့ အပြစ်ပြောတာလားဗျ။ ကျုပ်ကမှ ဧက ၁,၀၀၀ ပဲယူတာ ဗိုလ်ချုပ်စိန်ထွားဆိုရင် ဧက ၃,၀၀၀ တောင်ယူတာဗျ။" ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ သူတို့ဟာ သစ်တောမြေတွေကို သိမ်းတယ်။ ကျွန်းစိုက်ဖို့ အကြောင်းပြပေမဲ့ မစိုက်ဘူး။ သိမ်းထားတဲ့ တောတွေထဲက သစ်မှန်သမျှ ခုတ်ရောင်းပြီး ချမ်းသာသွားကြတာ ကြံ့ဖွတ် ခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွေပါပဲ။ သစ်တောတင်မက ရေနံလုပ်ကွက်၊ ကျောက်စိမ်းလုပ်ကွက်၊ ငါးဖမ်းလုပ်ငန်း၊ စက်ရုံ အလုပ်ရုံလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်း စသဖြင့် တပြည်လုံးဟာ သူတို့သာ ပိုင်ကြတယ်။ ကြံ့/ဖွတ် ဥက္ကဋ္ဌတွေအားလုံး ဘီလျံနာတွေချည်းပါ။ ဗိုလ်ချုပ်ဌေးဦး၊ ဗိုလ်ချုပ် သိန်းစိန်၊ ဗိုလ်ချုပ်ရွှေမန်း၊ ဗိုလ်ချုပ်သန်းဌေး၊ ဗိုလ်ချုပ်ခင်ရီ စတဲ့ ကြံ/ဖွတ် ဥက္ကဋ္ဌ အဆက်ဆက် အားလုံးဟာ ကြံ့/ဖွတ်ပါတီနဲ့ စစ်တပ် နှစ်ခုစလုံးမှာခွပြီး ကြီးပွားချမ်းသာနေကြတာပေါ့။ ချမ်းသာသူတွေကတော့ သူတို့ ကြံ့/ဖွတ်ခေါင်းဆောင် ဗိုလ်ချုပ်တွေပါ။ မွဲတေသူတွေကတော့ တပြည်လုံးပါပဲ။ ဒါကြောင့် ၂၀၂၀ မှာ NLD က မဲအပြတ်အသတ်နိုင်သွားတော့ စားခွက်ပျောက်သွားတာက ခင်ရီတို့လေ။ ဒါကြောင့် ကြံ့ဖွတ်နဲ့ ပါတီပေါင်း ၄၀ က စစ်တပ်ကို အာဏာပြန်သိမ်းခိုင်းတာပါ။ မှတ်မိပါဦးမယ်။ သူတို့လက်ချက်ပေါ့။ အဓိက အာဏာသိမ်းခိုင်းတာက တရားခံ ကြံ့/ဖွတ်ပါတီ။ အခု တိုင်းပြည်မှာ ဆိုးနေတဲ့ အခြေအနေမှန်သမျှ အာဏာသိမ်းခိုင်းခဲ့ပါသော ကြံ့ဖွတ်လည်း စစ်တပ် မအလနဲ့ အတူတူ အမှုတွဲ တရားခံတွေပါပဲ။

ဖွတ်တက်မှာ သေချာနေပြီ 

အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့ရဲ့ လော်ဘီတွေကတော့ ၂၀၂၅ ရွေးကောက်ပွဲဟာ စစ်တပ်အာဏာသိမ်းထားတာကို အဆုံးသတ်ပြီး ဒီမိုကရေစီကို သွားမယ့်ဟာလို့ ပြောနေကြပါတယ်။ သတိအခါခါ ရကြဦးမှာပါ။ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား ပြန်ပါမယ်ဆိုတာက ၈၈ ကတည်းက ပြောခဲ့တာပါ။ ကာချုပ် စောမောင်က ပြောခဲ့တာပါ။ မင်းအောင်လှိုင်လည်း ပြောခဲ့တာပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲပြီးစ အင်တာဗျူးမှာ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံမယ်လို့ မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။ ပြောပြီး ၂ လ မှာ အာဏာသိမ်းခဲ့ပါတယ်။ အခုလည်း ၂၀၂၅ ရွေးကောက်ပွဲပြီးရင် သေခြာပေါက်နိုင်မှာလို့ တစ်ပြေးနေတဲ့ ခင်ရီတို့ ကြံ့/ဖွတ် ပါတီတက်လာရင်လည်း ဖွတ်တက်မှာပါပဲ။ နောက်ပိုင်း စစ်တပ်က အကြောင်းအမျိုးမျိုးပြ တချိန်ချိန် အာဏာသိမ်းပြန်ရင်လည်း ဖွတ်ဘိုးအေဖြစ် ညစ်သည်ထက်ညစ်ကြဦးမှာပါပဲ။ ကောင်းလာစရာတော့ မမြင်ပါ။

သမိုင်းတပတ်လည်ပေမဲ့ အရင်လိုမတူ ပြည်သူက သိနေပြီ

၁၉၆၂ မှာ စစ်အာဏာသိမ်းတယ် နောက် မဆလ အရပ်သားပြောင်းတယ်။ ၈၈ မှာ အာဏာထပ်သိမ်းပြန်တယ် နောက် ကြံ့/ဖွတ် အရပ်သား ပြောင်းခဲ့ပြန်။ ၂၀၂၆ မှာလည်း စကမ ကနေ ကြံ့/ဖွတ် အရပ်သားအစိုးရကို ပြောင်းဦးမယ်။ ရကောင်းရလိမ့်မယ်။ ဒါပေမဲ့….  ။သမိုင်းမှာ တကြော့ပြန်ပြီး "တခါရလို့ ရနိုးနိုး" ဆိုသလို ထပ်ရဦးမလားဆိုတာ မသေခြာတော့ပါ။ အခုတခေါက် နိုင်ငံတကာ အသိုက်အဝန်းက အရင်အခါတွေက နိုင်ငံတကာ အသိုက်အဝန်းတွေ မဟုတ်တော့ပါ။ နောက်ပြီး အခုတခေါက် မြန်မာပြည်သူလူထုက အရင်မြန်မာပြည်လူထု မဟုတ်တော့ပါ။ ပြည်သူ့အခွင့်အရေးကို ပြည်သူတွေကိုယ်တိုင် ပြန်ရဖို့ နွေဦးတော်လှန်ရေးကြီးမှာ အစွမ်းကုန် ကြိုးစားနေကြပါပြီ။ ကြံ့/ဖွတ် စစ်ဖွတ် ဘယ်ဖွတ်မှ အတက်ခံကြတော့မှာ မဟုတ်ပါ။ ။

မောင်တူး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013