
သာစည်-ကလောလမ်းပိုင်းက ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ လူတဦးချင်းရဲ့ မှတ်ပုံတင်နံပါတ်ကို ဆော့ဝဲလ်ထဲ ရိုက်ထည့်စစ်ဆေးတဲ့ PSMS စနစ် အသုံးပြုပြီး စောင့်ကြည့်စစ်ဆေးတာတွေ တင်းတင်းကျပ်ကျပ် လုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသွားတွေဆီက သိရပါတယ်။
ရန်ကုန်ကနေ တောင်ကြီးမြို့ကို ပုံမှန်သွားလာနေသူတယောက်က “အရင်ကလူတွေကို မူးယစ်ဆေးပါလာတာ ရှိ၊ မရှိ တို့ လုပ်ရိုးလုပ်စဥ် လုံခြုံရေးသဘောတို့လောက်ပဲစစ်တာ၊ မှတ်ပုံတင်ဆိုလည်း ပါလာဆိုရုံလောက် ပြလိုက်ရင်ရတယ်။ တခါတလေ စစ်တောင်မစစ်ဘူး။ အခုနောက်ပိုင်း ရဲက မှတ်ပုံတင်ယူပြီး သူ့လက်ထဲက တက်ဘလက်ရိုက်ပြီးစစ်တာ။ တယောက်မကျန်ကို တင်းတင်းကျပ်ကျပ်စစ်နေတာ” လို့ ပြောပါတယ်။
PSMS စနစ် အသုံးပြုစစ်ဆေးတာတွေလုပ်ပြီးနောက်မှာ နိုင်ငံရေးနဲ့ ဆက်နွှယ်တဲ့ ပြစ်မှုကျူးလွန်ထားတယ်ဆိုပြီး လူငယ်ပိုင်းတချို့ ဖမ်းဆီးခံရတာရှိတယ်လို့ အဲဒီစစ်ဆေးဂိတ်အနီးမှာ စျေးသည်တယောက်က ပြောပါတယ်။
“ပြစ်ချက်တွေ့လို့ဆိုပြီး ဖမ်းခေါ်ထားတာ။ တကယ်ပြစ်ချက်ရှိလို့လား၊ ဘာလားတော့မသိဘူး။ ဒီဂိတ်က နဂိုကတည်းက နာမည်ကြီးဂိတ်လေ။”
စစ်ကောင်စီက အခုနောက်ပိုင်း စစ်ဆေးရေးဂိတ်တချို့မှာ PSMS စနစ်နဲ့ စောင့်ကြည့်စစ်ဆေးတာတွေ လုပ်နေသလို မြို့နယ်တချို့မှာလည်း ဟိုတယ်နဲ့ တည်းခိုခန်းတွေဆီက တည်းခိုနေထိုင်သူတွေရဲ့ ကိုယ်ရေးအချက်ရယူပြီး PSMS စနစ်နဲ့ စစ်ဆေးတာတွေ လုပ်နေတာရှိပါတယ်။
အဲဒီလိုစစ်ဆေးတာက စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေး၊ တရားခံပြေးနဲ့ PDF တွေကို ဖမ်းဆီးနိုင်ဖို့အတွက်ဆိုပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေ ပေးပို့ထားတဲ့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။
အဲဒီစစ်ဆေးရေးဂိတ်မှာ အရင်က ကားတွေကို စစ်ဆေးတာကြန့်ကြာတဲ့အတွက် အသီး၊ အရွက်တင်တဲ့ ကုန်ကားတွေ သီးနှံပျက်စီးဆုံးရှုံးရတာ၊ ခရီးသည်တွေ နာရီအတန်ကြာ စောင့်ဆိုင်းရတာတွေ ရှိခဲ့ပါတယ်။
အခုနောက်ပိုင်းမှာ ကုန်ကားတွေကို စစ်ဖို့အတွက် လမ်းသက်သက်ဖောက်ပေးလိုက်လို့ လမ်းပိတ်တာ သိပ်မရှိတော့သလို စောင့်ဆိုင်းရချိန် နည်းသွားပေမဲ့ ခရီးသွားတွေအပေါ် အရင်ကထက် ပိုအာရုံစိုက် စောင့်ကြည့်စစ်ဆေးလို့ ရနိုင်တဲ့ အနေအထားဖြစ်လာစေတယ်လို့ ရန်ကုန်-တောင်ကြီး အဝေးပြေးယာဥ်မောင်းတချို့က ပြောပါတယ်။
ကျွဲတပ်ဆုံစစ်ဆေးရေးဂိတ်မှာ အဂတိလိုက်စားပြီး ငွေတောင်းကြမ်းတဲ့ ဂိတ်လို့ မှောင်ခိုလောကနဲ့ ယာဥ်မောင်းတွေကြားမှာ ပြောဆိုသတ်မှတ်ခံထားရပြီး သြဂုတ်လက အဲဒီဂိတ်မှာ တာဝန်ကျတဲ့ အကောက်အခွန်ဌာန ညွှန်ကြားရေးမှူး နဲ့ ရဲမှူးအဆင့်အပါအဝင် အရာရှိအဆင့်ရှိသူ အများအပြားကို စသုံးလုံးက ဝင်စစ်ပြီး ဖမ်းဆီးသွားတာရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန်၊ ဒလမြို့နယ်မှာ PSMS စနစ်နဲ့ ဧည့်စာရင်း စစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။










