DVB Logo
Home
Lead Story
ICC အပေါ် အမေရိကန် ပိတ်ဆို့မှု မဟာမိတ် ၈ နိုင်ငံ ပြင်းပြင်းထန်ထန် ကန့်ကွက်
DVB
·
October 11, 2026
Photo: REUTERS/Piroschka van de Wouw
Photo: REUTERS/Piroschka van de Wouw
Donate to DVB

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ခုံရုံးရဲ့အရေးပါတဲ့လုပ်ငန်းတွေကို ကူညီပံ့ပိုးဖို့ ပူးပေါင်းသွားမယ်လို့ ကနေဒါ၊ ဗြိတိန် စတဲ့ မဟာမိတ် ၈ နိုင်ငံက အောက်တိုဘာ ၉ ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။

ရောမစာချုပ်ဝင် နိုင်ငံတွေဖြစ်ကြတဲ့ သူတို့အနေနဲ့ ICC ရဲ့ လွတ်လပ်စွာ ရပ်တည်ခွင့်၊ ဘက်မလိုက်တာနဲ့ ဂုဏ်သိက္ခာတို့အပေါ် ခိုင်ခိုင်မာမာရပ်တည်ထောက်ခံတယ်လို့ ဗြိတိန်၊ ပြင်သစ်၊ ဂျမနီ၊ ဂျပန်၊ နယ်သာလန်၊ အီတလီ၊ ဒိန်းမတ်နဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲ ကြေညာတာပါ။

ICC ကို အပြည့်အဝထောက်ခံတဲ့နိုင်ငံတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုက ICC အပေါ် ပိတ်ဆို့အရေးယူမယ်လို့ ကြေညာခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဆိုပါတယ်။

ပိတ်ဆို့မှုတွေကို ရင်ဆိုင်ဖို့နဲ့ ရောမစာချုပ်ပါ တာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ ICC ဘက်က ကြိုတင်ပြင်ဆင်တာတွေကို အသိအမှတ်ပြု ချီးကျူးပြီး ခုံရုံးရဲ့လုပ်ငန်းတွေ ဆက်လည်ပတ်နိုင်ရေးအတွက် ပံ့ပိုးကူညီသွားမယ်ဆိုတာ အလေးအနက်ပြောကြားလိုတယ်လို့လည်း ဆိုပါတယ်။

ဒီပိတ်ဆို့မှုတွေ အမှန်တကယ် သက်ရောက်လာရင် ICC ရဲ့ လုပ်ငန်းဆောင်တာတွေအပြင် အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ရေးနဲ့ နစ်နာသူတွေ တရားမျှတမှုရရှိရေးအတွက် နေ့စဉ်ကြိုးပမ်းနေကြတဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေပါ ထိခိုက်ကြမယ်လို့ ဆိုပါတယ်။

၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမဲ့ စာချုပ်ဝင်နိုင်ငံများညီလာခံ အကြိုပြင်ဆင်မှုအနေနဲ့ စာချုပ်ဝင်မဟုတ်တဲ့ နိုင်ငံတွေနဲ့လည်း ထိထိရောက်ရောက်ဆွေးနွေးမှာဖြစ်ပြီး ခုံရုံးရဲ့ အရေးပါတဲ့ လုပ်ငန်းတွေကို ကူညီပံ့ပိုးဖို့၊ တရားဥပဒေစိုးမိုးရေးအတွက် အတူတကွ ဆက်လက်ပူးပေါင်းကြမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ရောမစာချုပ် စတင်ပေါ်ပေါက်ချိန်က နိုင်ငံပေါင်း ၁၃၇ နိုင်ငံ ပါဝင်လက်မှတ်ထိုးခဲ့ကြပေမဲ့ အမေရိကန်၊ ရုရှားနဲ့ အစ္စရေး အပါအဝင် တချို့နိုင်ငံတွေက နောက်ပိုင်းမှာ စာချုပ်ကို အတည်မပြုဘဲ လက်မှတ်ကို ရုပ်သိမ်းခဲ့ကြလို့ လက်ရှိမှာ ၁၂၅ နိုင်ငံက လက်မှတ်ထိုးတဲ့ နိုင်ငံတွေအဖြစ် ပါဝင်ပါတယ်။

အမေရိကန်ဟာ အရင်တုန်းက ICC ရဲ့ တရားသူကြီးနဲ့ ရှေ့နေတွေကို ပိတ်ဆို့ခဲ့ပေမဲ့ အခုအခါမှာတော့ ICC ခုံရုံးနဲ့ ငွေကြေးဆိုင်ရာ အလွှဲအပြောင်းတွေ၊ စီးပွားရေး ဆက်သွယ်ဆောင်ရွက်တာတွေ အားလုံးကို တားမြစ်လိုက်ပြီး နည်းပညာ၊ ဆော့ဖ်ဝဲလ်၊ ဆက်သွယ်ရေးနဲ့ တခြားဝန်ဆောင်မှုပေးတဲ့ ပြင်ပအဖွဲ့အစည်းနဲ့ ကုမ္ပဏီတွေကိုပါ ပိတ်ဆို့လိုက်တာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ရဲ့ အောက်တိုဘာ ၉ ရက် ထုတ်ပြန်ချက်အရ ICC အနေနဲ့ အမေရိကန်နိုင်ငံသားတွေ၊ စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ အစ္စရေး ဝန်ကြီးချုပ် နာသန်ညာဟုလို့ မဟာမိတ်နိုင်ငံခေါင်းဆောင်တွေအပေါ် တရားစွဲဆိုပိုင်ခွင့်မရှိဘဲ စုံစမ်းစစ်ဆေး ဝရမ်းထုတ်တာတွေကြောင့် အခုလို ပိတ်ဆို့တာလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013