
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်တို့ကို စစ်အာဏာရှင်တပ်က ဩဂုတ် ၂၉ ရက် ဒီမနက်ပိုင်းကစပြီး စစ်ကြောင်းထိုးလာသလို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်တယ်လို့ ချောင်းဦး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး ကားလမ်းမပေါ်က ခင်မွန်ရွာမှာအခြေချပြီးနောက် ရွှေဒါးကျရွာဘက်ကို စစ်ကြောင်းထိုးလာချိန် အနောက်မြောက်တိုင်း စစ်ဌာနချုပ်က လွှတ်တင်တဲ့ အသေခံဒရုန်း ၂ စီး၊ စစ်ကြောင်းမှာပါလာတဲ့ အသေခံဒရုန်း ၂ စီးတို့နဲ့ တိုက်ခိုက်တာလို့ ဆိုပါတယ်။
ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “ဆူဆိုက်ဒရုန်းတွေဗျ၊ ထိခိုက်တာ မကြားသေးဘူး။ စစ်ကြောင်းကတော့ ထိုးနေတယ်။ စစ်ကြောင်းပါ ဒရုန်း ၂ စီးနဲ့ နမခ ကနေ လွှတ်တင်တဲ့ ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်တာ။ စစ်ကြောင်းဦးတည်နေတဲ့ နေရာတွေကို တိုက်ခိုက်တာ။ စစ်ကြောင်းက ခင်မွန်ရွာဘက်ကို နမခကနေ အင်အားလာချတယ်။ ပြီးတော့ ချောင်းဦးနယ် ရွှေဒါးကျ ရွာဘက်ဦးတည်မယ်လို့ ထင်တယ်” လို့ ပြောပါတယ်။
အဲဒီ စစ်ကြောင်းဟာ ကနီနဲ့ ယင်းမာပင်မြို့နယ်တို့ကနေ နမခကို ဝင်ရောက်လာပြီးနောက် ခင်မွန်ရွာဘက်ကို သံပြားကာ ၄ စီး၊ အင်အား ၂၀၀ ဝန်းကျင်နဲ့ ရောက်လာတာကြောင့် ချောင်းဦး မြို့နယ်မြောက်ခြမ်းကျေးရွာတွေက ဒေသခံတွေ တိမ်းရှောင်နေကြရပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “ချောင်းဦးမြို့နယ်မြောက်ခြမ်းက ရွှေဒါးကျ၊ ကျီကုန်းနဲ့ သစ်ဆိပ် ဝန်းကျင်ကို ဒရုန်းနဲ့ တိုက်ခိုက်တာ။ စစ်ကြောင်းက မနေ့ကညပိုင်းကမှ ခင်မွန်ရွာကို ရောက်လာတာ။ ဒီနေ့စပြီး စလှုပ်ရှားတာပဲ။ တိုက်ပွဲတော့ မဖြစ်သေးဘူး။ ကျနော့်အထင် စစ်တပ်လော်ဘီတွေက လော်လို့ စစ်ကြောင်းထိုးလာတာထင်တာပဲ။ ကြားမိတာက ချောင်းဦး အနောက်မြောက်ခြမ်း မုံရွာ-ချောင်းဦးအစပ်မှာ တပ်စခန်းချမယ်လို့ သတင်းကြားတာ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ချောင်းဦးမြို့နယ်မြောက်ခြမ်းက ကျေးရွာပေါင်းရာနဲ့ချီ တိမ်းရှောင်ဖို့ ပြင်ဆင်နေကြ ရပြီလို့လည်း သိရပါတယ်။











